BBC navigation

ပါလက်စတိုင်း တို့ အောင်ပွဲလား

နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2012 - 17:52 GMT
palestine

ပါလက်စတိုင်း တို့အောင်ပွဲခံ ပျော်ရွှင် နေကြပုံ

ကုလသမဂ္ဂ အဖွဲ့ဝင် ၁၃၈ နိုင်ငံရဲ့ ထောက်ခံမှု နဲ့ ပါလက်စတိုင်းဟာ ကုလသမဂ္ဂမှာ တင်းပြည့် အဖွဲ့ဝင် မဟုတ်တဲ့ လေ့လာသူ အဖြစ် ဖြစ်လာပါပြီ။

ပါလက်စတိုင်းတို့အတွက် ဒါဟာ ကြီးမားတဲ့ အောင်ပွဲတခု ဖြစ်ပေမယ့် လက်တွေ့ အခြေအနေ ကနေ သိပ်အများကြီး မပြောင်းလဲ သွားနိုင်ပါဘူး။

ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ပြေလည်ဖို့ ဒီဖြစ်ရပ်က အကူအညီပေးနိုင်မလား ဒါမှမဟုတ် ပိုဆိုးသွားစေ မလားဆိုတာ က လည်း မေးခွန်းထုတ် စရာ ဖြစ်ပါတယ်။

ဒီမေးခွန်းရဲ့ အဖြေ ကတော့ အဓိက ဇာတ်ကောင် ၃ ဦး ပေါ်မှာ မူတည် နေပါတယ်။

သူတို့တွေ ကတော့ ပါလက်စတိုင်း၊ အစ္စရေးနဲ့ အမေရိကန် တို့ ပဲ ဖြစ်ပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ က ပါလက်စတိုင်း တို့ အခု ရလိုက်တဲ့ အခွင့်အရေးကို အသုံးချပြီး အစ္စရေး တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ဆိုတဲ့ လမ်းကို ရွေးချယ် နိုင်သလို ICC အိုင်စီစီ လို နိုင်ငံတကာ ရာဇဝတ် တရားရုံးတို့လို ကုလသမဂ္ဂ အေဂျင်စီတွေ လို နိုင်ငံတကာ အသိုင်းအဝိုင်း ကို သူ့ ဘက် ပါလာအောင် စည်းရုံးဖို့ ဆိုတဲ့ လမ်းကိုလည်း ရွေးချယ် နိုင်ပါတယ်။


ဒုတိယလမ်းကို သွားရင်တော့ အစ္စရေး နဲ့ အမေရိကန်တို့ကို ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


ပါလက်စတိုင်း ဘယ်အကွက် ရွှေ့မယ်ဆိုတာကို အစ္စရေးကတော့ သတိထား စောင့်ကြည့် နေပါတယ်။


ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ ရဲ့ လုပ်ပိုင်ခွင့် ကို ချိနဲ့အောင် အစ္စရေးတို့ ဘက်က လုပ်နိုင်တာတွေ ရှိနေပါတယ်။

ဒေသတွင်း မှာ ပါလက်စတိုင်းတွေ ကိုယ်စား ကောက်ပေးနေတဲ့ အခွန်ကိစ္စ တွေကို အစ္စရေး က မကောက်ပေးတော့ပဲ ဆိုင်းငံတာမျိုး လုပ်နိုင်ပါတယ်။


အဲဒီလို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်ဆိုရင်တော့ နှစ်ဘက် အခြေအနေ ပိုပြီး တင်းမာလာဖို့ပဲ ရှိပါတယ်။


ပါလက်စတိုင်း နဲ့ အစ္စရေး အရေးမှာ တတိယ အရေးကြီးတဲ့ ဇာတ်ကောင်ကတော့ အမေရိကန်ပဲ ဖြစ်ပါတယ်။


အမေရိကန်ရဲ့ အခန်းကဏ္ဍမှာ အမေရိကန် သမ္မတနဲ့ အမေရိကန် ကွန်ကရက် လွှတ်တော် ဆိုပြီး ဇာတ်ကောင် ၂ ဦး ထပ်ခွဲလို့ ရပါတယ်။

အမေရိကန် ကွန်ကရက် ကတော့ ပါလက်စတိုင်းကို ဆန့်ကျင်ပြီး လုပ်တဲ့ အစ္စရေးရဲ့ လုပ်ရပ် မှန်သမျှကို ထောက်ခံသွားမယ့် အလားအလာ အများကြီးရှိပါတယ်။

ဒါဆိုရင် ရင်ကြားစေ့ရေး ကို လိုလားတဲ့ အမေရိကန် သမ္မတ အိုဘာမား ဘာဆက်လုပ်မလဲ ဆိုတာက အဓိက ပြောစရာ ဖြစ်လာပါတယ်။

အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague မကြာခင် က တိုက်တွန်းခဲ့သလိုပဲ သမ္မတ အိုဘားမားက ရင်ကြားစေ့ရေးကို တိုက်တွန်းဖို့ အခုအချိန်ကို အသုံးချ သွားမလား ဆိုတာ မေးစရာ ရှိနေသေး ကြောင်းပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။