BBC navigation

မော်စီ အမိန့်ဒီကရီ မကျေနပ်လို့ ဆန္ဒပြပြီ

နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2012 - 01:57 GMT

သမ္မတ မော်စီကို ထောက်ခံသူနဲ့ ကန့်ကွက်သူကြား တိုက်ခိုက် ဆန္ဒပြမှု ဖြစ်ပွား

အီဂျစ်နိုင်ငံမှာ လူတွေ မမျှော်လင့်တဲ့ အချိန်မှာ ပေါ်ထွက်လာတဲ့ သူ့ကိုယ်သူ အာဏာတွေ ထပ်ပြီး လွှဲပြောင်းပေးခဲ့တဲ့ အမိန့်ဟာ ယာယီသာ ဖြစ်တယ် ဆိုတဲ့ သမ္မတ မိုဟာမက် မော်စီက ထပ်လောင်း ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ပထမဆုံး လိုက်လျောမှု အသွင်ဆောင်တဲ့ အဲဒီ ကြေညာချက်ထဲမှာ မစ္စတာ မော်စီဟာ အကြမ်း ရေးထားပြီးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အတွက် သဘောတူညီမှု ရအောင် အဖွဲ့အစည်း အားလုံးနဲ့ အတူတကွ အလုပ်လုပ်ဖို့ ဆန္ဒ ရှိတယ်လို့ ဆိုထားပါတယ်။

မစ္စတာ မော်စီဟာ ဒီနေ့ တနင်္လာနေ့မှာ အဆင့်မြင့် တရားရေး ကောင်စီနဲ့ တွေ့ဖို့ ရှိတယ်လို့ အစိုးရ သတင်း အေဂျင်စီတွေက ဖော်ပြပါတယ်။

အဲဒီကောင်စီကတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့် ဒီဂရီတွေဟာ အချုပ်အချာ အာဏာ သဘောအရ ကန့်သတ်ထားသင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မငြိမ်မသက် ဖြစ်နေတဲ့ အီဂျစ်မှာ သမ္မတ မော်စီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်တဲ့ လူတွေကြား ပဋိပက္ခကြောင့် ဆယ်ကျော်သက် ကလေး တယောက် သေဆုံးသွားခဲ့ ပါတယ်။

Nile မြစ်ဝကျွန်းပေါ်က Damanhourမြို့မှာ ရှိတဲ့ သူတို့ရုံးချုပ်ကို တိုက်ခိုက် ခံရချိန် အတွင်း အဖွဲ့ဝင် တယောက် ဖြစ်တဲ့ အသက် ၁၅နှစ် အရွယ် Islam Fathy Masoud သေဆုံးသွားပြီး လူ၆ဝ ဒဏ်ရာရခဲ့တယ်လို့ အစ္စလာမ် ဝါဒီ မွတ်ဆလင် ညီနောင်များ အဖွဲ့က ပြောပါတယ်။

အီဂျစ်မှာ သူ့ကိုယ်သူ အာဏာတွေ ထပ်ပြီး လွှဲပြောင်းပေးခဲ့တဲ့ သမ္မတ မော်စီရဲ့ ဆုံးဖြတ်ချက် အတွက် လူအများအပြားက ဒေါသထွက်ခဲ့ကြ ပေမယ့် မွတ်ဆလင် ညီနောင်များ အဖွဲ့ကတော့ သမ္မတကို ထောက်ခံဖို့ သူတို့အဖွဲ့သားတွေကို ပန်ကြားခဲ့ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။