BBC navigation

အီဂျစ် သမ္မတ အာဏာ ကို ချဲ့ထွင်

နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2012 - 01:21 GMT
mursi

သမ္မတရဲ့ ဆုံးဖြတ်ချက် မှန်သမျှ နှုတ်ပယ်လို့ မရ

အီဂျစ် သမ္မတ မိုဟာမက် မော်ဆီက သမ္မတ အာဏာ ကို ချဲ့ထွင်တဲ့ အခြေခံ ဥပဒေ ကြေညာချက် အသစ် ထုတ်ပြန် လိုက်ပါတယ်။

သမ္မတ ခန့်အပ်တဲ့ ရှေ့နေချုပ် သစ်ကို ၄ နှစ် သက်တမ်း အတွက် ခန့်အပ်မယ်၊ အရင် အစိုးရ လက်ထက်က ရာထူးကြီး ရခဲ့သူတွေကို ပြန်ပြီး စုံစမ်း အမှုဖွင့် တာတွေ လုပ်မယ်လို့ သိရပါတယ်။

သမ္မတရဲ့ ဆုံးဖြတ်ချက် မှန်သမျှကို တရားရေး ဌာန အပါအဝင် ဘယ် အာဏာပိုင် အဖွဲ့အစည်းကမှ နှုတ်ပယ် လျှောက်လှဲတာ တွေ လုပ်လို့ မရကြောင်း၊ အီဂျစ် တော်လှန်ရေးကို ကာကွယ်ဖို့ ဒီလို စီမံထားတာ ဖြစ်ကြောင်း သူက ပြောကြား သွားပါတယ်။

တော်လှန်ရေး အတွင်းက ဆန္ဒပြ သူတွေကို သတ်ဖြတ် ကျူးလွန် ခဲ့သူ အားလုံး အလုပ်က ဖယ်ရှား မယ်လို့ သမ္မတက ကြေညာ ပါတယ်။

သမ္မတဟာ သူ့ကိုယ်သူ ဖာရို ဘုရင်လို အာဏာ အပ်နှင်း နေတယ်လို့ အတိုက်အခံ တွေက စွပ်စွဲနေ ကြပြီး သောကြာ နေ့မှာ သမ္မတ မော်ဆီရဲ့ အခြေခံ ဥပဒေ အမိန့် ပြန်တမ်း အသစ်ကို ကန့်ကွက်ဖို့ လူထု ဆန္ဒပြပွဲ ဆော်သြ နေကြ ပါတယ်။

အာဏာရှင် အသစ် တင်ဖို့ တော်လှန်ရေး ဆင်နွှဲ ခဲ့တာ မဟုတ်ကြောင်း မူဘာရက် ဖြုတ်ချရေး ဆန္ဒပြပွဲ တွေမှာ ထင်ရှားတဲ့ ခေါင်းဆောင် ဝယ်လ် ဂိုနင်က ဝေဖန် လိုက်ပါတယ်။

ကိုင်ရို မြို့တော်က ရဲနဲ့ ဆန္ဒပြ သူတွေကြား လေးရက်မြောက် ပဋိပက္ခ ဆက်လက် ဖြစ်ပွား နေချိန်မှာပဲ ကြေညာချက် အသစ် ထွက်လာ ခဲ့တာ ဖြစ်ပါတယ်။

မနှစ် နိုဝင်ဘာ လက စစ်အစိုးရနဲ့ ဆန္ဒပြ သူတွေကြား တင်းမာမှုမှာ လူ ဒါဇင်နဲ့ချီ သေဆုံး ခဲ့တဲ့ တာရီးယား ရင်ပြင် စွန်မှာ ပဋိပက္ခ ဖြစ်ပွား ခဲ့တာပါ။

မနှစ်က သတ်ဖြတ်မှု တွေ အတွက် တာဝန် ရှိသူ တွေကို အပြစ် မပေးရသေးဘူးလို့ ဆန္ဒပြ သူများက သမ္မတကို တောင်းဆို နေကြပါတယ်။

သမ္မတ ထောက်ခံသူတွေ ကိုင်ရို မြို့ထဲ ဝင်လာလို့ အတိုက်အခံ တွေနဲ့ အချင်းဖြစ်ပွားမှာ စိုးရိမ် နေရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။