BBC navigation

အပစ်ရပ်ရေး ဘယ်လောက် ကြာကြာ ခံနိုင်မလဲ

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 23:16 GMT
ဂါဇာဒေသက အစ္စရေး တင့်ကားများ

ဂါဇာဒေသက အစ္စရေး တင့်ကားများ

အီဂျစ်ရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ အခုအခါ အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့တို့အကြားမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါပြီ။ ဘီဘီစီအရှေ့အလယ်ပိုင်း အယ်ဒီတာ ဂျယ်ရမီဘိုဝင်ကတော့ ဖြစ်နေကျ ပုံစံ အတိုင်း သတ်ဖြတ်မှုတွေ မရပ်မီ စကားပြောတာ ပြန်လုပ်ကြပြီလို့ ပြောပါ တယ်။

၂၀၀၇ခုနှစ်တုန်းက ပါလက်စတိုင်း Hamas အဖွဲ့က သူ့ပြိုင်ဘက် Fatah အဖွဲ့ကနေ ဂါဇာကမ်းမြောင်ဒေသ အတွင်းပိုင်းကို ထိန်းချုပ်ဖို့ တာဝန်ယူလိုက် ကတည်းက နယ်စပ်ဖြတ်ကျော် အကြမ်းဖက် တိုက်ခိုက်မှုတွေ အတော်အကြိမ်များများ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် အပစ်အခတ်ရပ်စဲရေး လုပ်ကြတာချည်းပါဘဲ။ ပြီးတော့လည်း ပျက်ပြားခဲ့ကြပြီး အစ္စရေးနဲ့ ဟာမတ်စ်တို့ တဖက်နဲ့တဖက် အပြစ်တင် လေ့ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရ သလဲဆိုရင်တော့ အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူ သုံးတဲ့စကား မျိုးနဲ့ဆိုရင် အနာပေါ် ပလာစတာကပ်တဲ့ နည်းမျိုးနဲ့ ဖြေရှင်းကြ လို့ပါဘဲ။ ဟာမတ်စ်နဲ့ အစ္စရေးတို့ဟာ စစ်ဖြစ်နေတဲ့ အခြေအနေမှာ အမြဲရှိနေတယ် ဆိုတာ ဖုံးကွယ်ထား ကြပါတယ်။

တခါတခါလနဲ့ချီပြီး စစ်အေးပုံစံမျိုးဖြစ်ပွားရကနေ အပြင်းအထန်ဖြစ်လာကြပြီး သေကြ ကြေကြပြန်ပါတယ်။အစ္စရေးနဲ့ အထူးသဖြင့် ဂါဇာကပါလက်စတိုင်း တွေကြား နိုင်ငံရေးအရ ညီမျှမှုရှိမယ့် အရေးကြီးတဲ့ အပြောင်းအလဲ မလုပ်နိုင်ရင် အခု အပစ်ရပ်စဲရေး အသစ်ဟာလည်း တဖြည်းဖြည်း ထပ်ပျက်မယ့် သဘောရှိပါတယ်။

ဒီတခေါက်တော့ နှစ်ဖက်စလုံးက အပစ်ရပ်ရာမှာ လိုက်နာရမယ့်အချက်တွေကို ထည့်ပြီး စစ်စည်းကမ်းတွေကို ပြောင်းဖို့ကြိုးစားတာတွေ့လာရပါတယ်။ Hamas တို့လက်နက်မတပ်ဆင်ဘဲ နယ်စပ်ကို ကျော်မပစ်ဖို့ အစ္စရေးကပြောနေသလို ဟာမတ်စ်ကလည်း အစ္စရေးဖက်က လုပ်ကြံသတ်ဖြတ်မှုတွေရပ်ဖို့ ဂါဇာကို မပိတ်ဆို့ဖို့ လိုလားပါတယ်။ ဒီအတိုင်း လိုက်နာကြရင်တော့ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလို အကောင်အထည် ဖေါ်ဖို့ကျပြန် တော့လည်း နှစ်ဖက်စလုံးက ကိုယ့်ရန်သူကို ကိုယ်အများကြီး အလျှော့ပေး လိုက်ရတာမျိုးတွေ ရှိလာမယ်လို့ ဘီဘီစီ အရှေ့အလယ်ပိုင်း အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်က သုံးသပ်ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။