BBC navigation

အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်မှုတွေ တခါထပ်ဖြစ်ပြန်

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 01:03 GMT

ဂါဇာမှာ တိုက်ခိုက်မှုတွေ ထပ်ဖြစ်နေ

အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်မှုတွေ တခါထပ်ဖြစ်လာပြန်ပါပြီ။ အစ္စရေးတို့က ဂါဇာ ကမ်းမြှောင်ဒေသကို စနေနေ့က အမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ ပါလက်စတိုင်း ၄ ဦးသေ ၂၀ ဒဏ်ရာရသွားခဲ့ပါတယ်။

စောစောပိုင်းက အစ္စရေးစစ်သား ၄ ဦး ဒဏ်ရာရသွားခဲ့တဲ့ အစ္စရေး ကင်းလှည့် စစ်ဂျစ်ကားတစီးတိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အခုလို အစ္စရေးတို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Hamas ပါလက်စတိုင်းအရာရှိတွေရဲ့ အပြောအရ သေဆုံး ဒဏ်ရာရသူအားလုံးဟာ အရပ်သားတွေ ဖြစ်ပြီး ဂါဇာမြို့အနီးက Shijaia ဒေသက စျာပနတခုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ သူတို့ရဲ့ စစ်ဂျစ်ကားကို တင့်ကားဖျက် ဒုံးလက်နက်ထိမှန်ခဲ့ပြီးတဲ့နောက် နေရာ အတော်တော်များများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ဒါဟာ အစ္စရေးနဲ့ ဂါဇာက စစ်သွေးကြွတွေကြားတို့ကြား နောက်ဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတခုပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း ဂါဇာမှာ အစ္စရေးစစ်သားတွေနဲ့ စစ်သွေးကြွတွေကြား တိုက်ခိုက်မှုတွေမှာ ၁၃ နှစ်အရွယ် ပါလက်စတိုင်း အမျိုးသားလေးတဦး သေဆုံးခဲ့ရပါတယ်။

ဒီနောက် ဂါဇာနယ်စပ် စည်းရိုးနားမှာရှိတဲ့ မြေအောက် လှိုဏ်ခေါင်းတခု ပေါက်ကွဲလို့ အစ္စရေးစစ်သားတဦး ဒဏ်ရာရသွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဗုံးပေါက်ကွဲလို့ နယ်စပ် စည်းရိုးနား တလျှောက် ကင်းလှည့်နေတဲ့ အစ္စရေးစစ်သား ၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီ မြေအောက်လှိုဏ်ခေါင်းဟာ လောလောဆယ် နှစ်တွေအတွင်း တွေ့ရှိခဲ့ရတဲ့ လှိုဏ်ခေါင်းတွေအနက် အကြီးဆုံးဖြစ်ပြီး အစ္စရေးစစ်သားတွေကို ပြန်ပေးဆွဲဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့ စီစဉ်ကြံစည်နေတာ ဖြစ်နိုင်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။

ဗုံးဖေါက်ခွဲမှုဟာ သူတို့ လက်ချက်ဖြစ်ပြီး ပါလက်စတိုင်းလူငယ်လေး သေဆုံးခဲ့ရတာအတွက် တုံပြန်တာလို့ ဟာမာ့စ်ရဲ့ စစ်ရေးဆိုင်ရာအဖွဲ့ Izz al-Din Qassam တပ်မ ကပြောခဲ့ပါတယ်။

ဂါဇာဒေသမှာ အကြမ်းဖက်မှုတွေ မကြာခဏ ပြန်ဖြစ်လေ့ရှိပြီး အေးဆေးတည်ငြိမ်တဲ့ကာလဟာ သိပ်ကြာကြာခံလေ့မရှိဘူးလို့ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းခြေ ရမ်မလာမှာရှိတဲ့ ဘီဘီစီ သတင်းထောက် Jon Donnison က ပြောပါတယ်။

အခုလည်း စနေနေ့ အမြောက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို လက်တုံပြန်မယ်လို့ ဟာမာ့စ် စစ်သွေးကြွတို့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေတာတွေဟာ အန္တရာယ်ပိုများလာနေပြီး၊ သည်းမခံနိုင်တော့ဘူး၊ အစ္စရေးတို့ရဲ့ ရာဇဝတ်မှုတွေကို သူတို့အနေနဲ့ တုံပြန်ပိုင်ခွင့် အပြည့်အဝရှိတယ်လို့ ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ကလည်း အစ္စရေးအရပ်သားတွေကို အန္တရာယ်ပြုဖို့ ကြိုးစားသူ ဘယ်သူ့ကိုမဆို ညည်းမခံဘူး၊ အစ္စရေးနိုင်ငံကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာက အကြမ်းဖက်မှုမှန်သမျှအတွက် ဟာမာ့စ် အကြမ်းဖက်အဖွဲ့မှာ တာဝန်ရှိတယ်လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။