BBC navigation

အမေရိကန် သမ္မတ ရွေးပွဲ အကြိတ်အနယ် ရှိမယ်

နောက်ဆုံး ရေးသားချိန် 4 နိုဝင်ဘာလ 2012 - 15:48 GMT
US election

စစ်တမ်းတွေ အရ ၂ ယောက် စလုံးဟာ ၄၈ ရာနှုန်းစီ ရနိုင်တဲ့ အတွက် အခု အချိန်ထိ သရေလို ဖြစ်နေ

အမေရိကန် သမ္မတရွေးပွဲ ၂ ရက်ပဲ လိုတော့တဲ့ အတွက် ပြိုင်ဘက် သမ္မတလောင်း နှစ်ယောက် စလုံးဟာ ဆက်လက် မဲဆွယ်နေကြပြီး တယောက်နဲ့ တယောက် အကြိတ် အနယ် ယှဉ်ပြိုင် ရမယ်ဆိုတာ သေချာနေပြီ ဖြစ်ပါပြီ။

ရီပါဘလစ်ကန် သမ္မတလောင်း မစ်တ် ရွမ်နီက Iowa, Ohio, Pen Viginia တို့မှာ နောက်ဆုံး အဆင့် မဲဆွယ် နေပါတယ်။ လက်ရှိ သမ္မတ အိုဘားမား ကတော့ New Hampshire, Florida Ohio Colorado ပြည်နယ် တွေမှာ မဲဆွယ်မှာပါ။

အရေတကြီး အကြိတ်အနယ် ပြိုင်ရမယ့် Swing States ဘက်တဘက်ကို ယိမ်းလာ နိုင်တဲ့ ပြည်နယ်တွေမှာ သမ္မတလောင်း တွေ မနေ့က လူထု ဟောပြောပွဲတွေ လုပ်ကြပါတယ်။

အေဘီစီ သတင်းနဲ့ ဝါရှင်တန်ပို့စ် တို့ရဲ့ စစ်တမ်းတွေ အရ ၂ ယောက် စလုံးဟာ ၄၈ ရာနှုန်းစီ ရနိုင်တဲ့ အတွက် အခု အချိန်ထိ သရေလို ဖြစ်နေပါတယ်။

ဒါကြောင့် အိုဘာမားကော ရွမ်မနီပါ အတော် ပင်ပန်း နေပေမယ့် နေ့စဉ် ပြည်နယ် တခုပြီး တခု ကူးပြီးတော့ အနိုင်ရဖို့ အဆုံးအဖြတ် ပေးမယ့် မဲဆန္ဒနယ်တွေမှာ ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာ မဆုံးဖြတ် နိုင်သူတွေကို နောက်ဆုံး မဲဆွယ် နေကြပါတယ်။

ဗာဂျီးနီးယား ပြည်နယ် ဘရစ်တိုက လူအုပ်ကြီးကို အိုဘားမားက ပြောရာမှာ သူ့ဘက် ကတော့ ပြီးသွားပြီ၊ လူထုမှာ အဆုံးအဖြတ် ပေးဖို့ အာဏာရှိတယ် ဒါဟာ ဒီမိုကရေစီပဲလို့ ဟောပြော သွားပါတယ်။

New Hampshire မှာ မနေ့က မဲဆွယ်တဲ့ ရွမ်နီ ကတော့၊ မဲပေးပြီး ရီပါဘလစ်ကန်ကို လက်စားချေ ကြလို့ သမ္မတက ပြောသွားတာကို ဝေဖန်လိုက်ပါတယ်။ မဲပေးတာဟာ တိုင်းပြည် ချစ်စိတ်နဲ့ ဆုံးဖြတ် ရမယ်၊ လက်စားချေဖို့ မဟုတ်ဘူးလို့ သူက တုံ့ပြန်ပါတယ်။

ဒီတော့ ဒီလောက် တဘက်နဲ့ တဘက် အကြိတ်အနယ် ဖြစ်နေတဲ့ အတွက်၊ အဆုံး အဖြတ်ပေးမယ့် ပြည်သူတွေ၊ ဘယ်သူ့ ဘက်ကို ယိုင်သွားမယ် ဆိုတာ ၂ ရက် ကြာရင် သိရတော့မှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။