BBC navigation

ပြင်သစ်မဂ္ဂဇင်း တမန်တော်ကို သရော်တဲ့ ကာတွန်းတွေ ဖော်ပြ

နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2012 - 16:37 GMT
France magazine and its editor

ပြင်သစ်မဂ္ဂဇင်း အယ်ဒီတာ နဲ့ သူ့ရုံးခန်း

ပြင်သစ် မဂ္ဂဇင်းတစောင်က အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော် မိုဟာမက်ကို လှောင်ပြောင်ထားတဲ့ ကာတွန်းပုံတွေ ဖော်ပြခဲ့ပြီးတဲ့နောက်မှာ အခြေအနေတွေဆိုးဝါးလာမှာကို ပြင်ဆင်ကာကွယ်တဲ့ အနေနဲ့ နိုင်ငံ ၂၀ မှာ ရှိတဲ့ ပြင်သစ် သံရုံးတွေနဲ့ ကျောင်းတွေကို ယာယီ ပိတ်ထားမယ်လို့ ပြင်သစ်အစိုးရက ကြေငြာပါတယ်။

အပတ်စဉ်ထုတ် ချာလီ ဟက်ဗဒို သရော်စာ မဂ္ဂဇင်းထဲမှာ အခုလတ်တလော ဖြစ်နေတဲ့ အမေရိကန် ဗီဒီယိုကားကားက တမန်တော်ကို စော်ကားတယ်ဆိုပြီး အမေရိကန် ဆန့်ကျင်ရေး အကြမ်းဖက် ကန့်ကွက်မှုတွေကို သရော်ထားတဲ့ ကာတွန်း ပုံ ၂၀ ကိုဖော်ပြခဲ့တာမှာ အဲဒီ ပုံတွေဟာ လည်း အစ္စလာမ်ကို စော်ကားတယ်ဆိုပြီး တုန့်ပြန်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ပြင်သစ် နိုင်ငဲခြားရေး ဝန်ကြီး လော်ရင့် ဖေးဘီးယပ်စ်က ပြောပါတယ်။

ကမ္ဘာတဝန်းက ပြင်သစ် သံရုံးတွေမှာလည်း လုံခြုံရေးတွေ ထပ်တိုးချထားလိုက်တယ်လို့ သူက ဆိုပါတယ်။ ပြင်သစ်နိုင်ငံသားတွေ ခရီးသွားရာမှာလည်း အထူး သတိထားဖို့ နှိုးဆောင်ထားပါတယ်။

မဂ္ဂဇင်းက ဒီလို အချိန်မှာ အခုလို ကာတွန်းတွေ ပုံနှိပ်ဖော်ပြခဲ့တာဟာ တာဝန်မဲ့ရာ ရောက်ပြီး မီးလောင်ရာ လေပင့် လုပ်ရပ်လို့ ဆိုနိုင်ကြောင်းလည်း နိုင်ငံခြာရေးဝန်ကြီးက ပြောပါတယ်။

မဂ္ဂဇင်းအယ်ဒီတာတွေကတော့ အမေရိကန် ဗီဒီယို ကို အကြမ်းဖက်ကန့်ကွက်နေတာတွေက သတင်း ဖြစ်နေလို့ သတင်းနဲ့ ဆက်ဆိုင်တဲ့ သရော်စာ ကာတွန်း သူတို့ ဖော်ပြတာပါလို့ ဆိုပါတယ်။

ဒီ မဂ္ဂဇင်းဟာ အရင်တုန်းကလည်း ပုပ်ရဟန်းမင်းကြီးလို ဘာသာရေး ခေါင်းဆောင်တွေကို သရော် ရေးသားမှုတွေ လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဒီလိုမျိုး ကာတွန်းတွေ ဖော်ပြခဲ့ပြီးတဲ့နောက် အဲဒီ မဂ္ဂဇင်းရုံးခန်း မီးလောင်ဗုံးနဲ့ အပစ်ခံခဲ့ရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။