BBC navigation

ဆန်နူစီ တရားခွင် မျှတစေမယ်လို့ ကတိပေး

နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2012 - 01:28 GMT
al-Senussi

ဆန်နူစီ ကို လစ်ဗျားပြန်ပို့

လစ်ဗျားမှာ ပြုတ်ကျသွားတဲ့ ဗိုလ်မှူးကြီး ကဒါဖီ တန်ခိုးထွားခဲ့စဉ် က သူ့ရဲ့ အဓိက လက်ရုံး တဦး ဖြစ်တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဟောင်း မိုဟာမက် အယ်လ ဆန်နူစီ ကို လစ်ဗျား အစိုးရ က လွတ်လပ် မျှတ တဲ့ တရားခုံရုံးမှာ အမှုစွဲတင်မယ် လို့ ကြေညာပါတယ်။

ကဒါဖီ လက်ထက် က လူသတ်သမား လို့ နာမည်ဆိုးနဲ့ ကျော်ခဲ့တဲ့ ဆန်နူစီ ကို အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်မှုများ တရားရုံး က လူအမြောက်အများ ကို သတ်ဖြတ်ခဲ့မှု နဲ့ စွဲချက်တင်ဖို့ အလိုရှိ နေသလို ပြင်သစ် နိုင်ငံ ကလည်း ၁၉၈၉ တုန်း က သူတို့နိုင်ငံ က France UTA ခရီးသည်တင် လေယာဉ် နီဂျဲလ် နိုင်ငံ ဝေဟင်ပေါ်မှာ ဗုံးခွဲတိုက်ခိုက် ခဲ့တဲ့ ပြစ်မှု အတွက် အလိုရှိ နေပါတယ်။

အဲဒီ ဗုံးခွဲ တိုက်ခိုက်မှု မှာ ခရီးသည်ပေါင်း ၁၇၀ အသက်ဆုံးရှုံးခဲ့ရပြီး အများစု က ပြင်သစ် နိုင်ငံ သား တွေ ပါ။

သူဟာ ၁၉၉၆ တုန်း က ထရစ်ပိုလီ မြို့တွင်း အဘူဆာ လင် အကျဉ်းထောင် အတွင်းမှာ အကျဉ်းသား တွေက အစားအသောက်နဲ့ သန့်ရှင်းရေးဆိုင်ရာ အတွက် ဆူပူ တဲ့ အထိကရုဏ်းမှာ အကျဉ်း ထောင် အပေါ် ထက် မှာ အစောင့်တွေ ကို နေရာယူ ပြီး ပစ်သတ် ခိုင်း ခဲ့သူ လို့ စွပ်စွဲ ထားကြပြီး အဲဒီ ပစ်ခတ် ပွဲ ကြောင့် အကျဉ်းသား ပေါင်း ၁,ဝဝဝ ကျော် သေဆုံး ခဲ့ပါတယ်။

ဒီလိုအမှု တွေ အပြင် လူအခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးအတွက် အိုင်စီစီ တရားရုံး က သူ့ကို လိုချင် နေပါတယ်။

လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကြီး ဆန်နူစီ ဟာ လူပေါင်း ၂၇၀ သေဆုံးခဲ့ရတဲ့ လော့ခဘီ လေယာဉ် ဗုံးခွဲတိုက်ခိုက်မှု ဘယ်လို စီစဉ်ခဲ့သလဲ၊ ဘယ်သူတွေ တာဝန်ရှိ သလဲ ဆိုတာ ကို အသေးစိတ် သိလိမ့်မယ် လို့ လည်း သုံးသပ်နေကြပါတယ်။

အဲဒီတိုက်ခိုက်မှု မှာ သေဆုံးရသူ အများစု က အမေရိကန် ခရီးသည်တွေ ဖြစ်ပြီး ဗြိတိန် နိုင်ငံ လော့ခါဘီ မြို့ပေါ် ကဝေဟင်မှာ တိုက်ခိုက် ခံရတာပါ။

တဘက်မှာလည်း အရင် ဗြိတိန် နဲ့ အမေရိကန် တို့ ကဒါဖီ နဲ့ ဆက်ဆံ ဆောင်ရွက်စဉ် ကာလ မှာ ကဒါဖီ ရန်သူတော်တွေ ဖြစ်တဲ့ လစ်ဗျား ဂျီဟတ် ဝါဒီ တွေ သူတို့နိုင်ငံရောက် လာရင် ဖမ်းပြီး လစ်ဗျား ကို ပြန်ပို့ ခဲ့တဲ့ ဇာတ်လမ်းဟောင်း တွေ လည်း အခု လစ်ဗျား ထောက်လှမ်းရေးချုပ် ဟောင်း က ဇာတ်စုံခင်းပြနိုင်တယ် လို့ လည်း တွက်ဆနေ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။