BBC navigation

မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်လှစ်

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 00:47 GMT
Paralympics

လန်ဒန် အိုလံပစ် အားကစားကွင်း မှာ ဖွင့်ပွဲကျင်းပ

မသန် စွမ်းသူများ အိုလံပစ် အားကစားပွဲတော်ကို လန်ဒန်မြို့မှာ ဗြိတိသျှ ဘုရင်မကြီး အလဇ္ဇဘက်က တရားဝင် ဖွင့်လှစ် ပေးခဲ့ပါတယ်။

၁၉၄၈ ခုနှစ်က ဗြိတိန်မှာ စတင်ခဲ့တဲ့ မသန်စွမ်းသူများ အိုလံပစ်ပွဲတော်ဟာ အခုတော့ ဗြိတိန်မြေကို တကျော့ပြန်ရောက်လာတာပါ။

နိုင်ငံပေါင်း ၁၆၅ နိုင်ငံက မသန်စွမ်းသူ အားကစားသမား ၄၂၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ကြမှာမို့ သူ့ရဲ့ သမိုင်းတလျောက်မှာ အကြီးဆုံး ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။

ဖွင့်ပွဲကို အလဇ္ဇဘက် ဘုရင်မကြီးက တက်ရောက် ဖွင့်လှစ်ပေးခဲ့ရာမှာ ဘုရင်မကြီးဟာ မကြာခင်က ကျင်းပခဲ့တဲ့ အိုလံပစ် ပွဲတော်မှာ James Bond မင်းသားခြံရံပြီး ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာတဲ့ ပုံစံမျိုးနဲ့ လာတာတော့ မဟုတ်ပါဘူး။ ပုံမှန် သူစီးနေကြ ကားနဲ့ပဲ အိုလံပစ်ကွင်းဆီကို ရောက်လာခဲ့တာပါ။

အိုလံပစ် ကစားကွင်းကြီးမှာ ကျင်းပတဲ့ ဖွင့်ပွဲကို အားကစား သမားနဲ့ စေတနာ့ ဝန်ထမ်း အကျိုးဆောင်တွေ ထောင်နဲ့ချီ တက်ကြပြီး အိုလံပစ် မီးရှူးတိုင်ကို ညသန်းခေါင် အချိန်မှာ ထွန်းညှိ ခဲ့ကြပါတယ်။

Stephen Hawkin

သိပ္ပံပညာရှင် စတီဖင် ဟော့ကင်း

ဖွင့်ပွဲ အခမ်းအနားမှာ ရူပဗေဒ ပညာကျော် စတီဖင် ဟော့ကင်း ရဲ့ ဟောပြောချက်နဲ့အတူ စကြာဝဠာ ဖြစ်ပေါ် လာပုံ အကြောင်း သင်္ကေတ ပြုတဲ့ မီးရှူး မီးပန်း တွေ ပစ်ဖောက် ဖွင့်လှစ်ခဲ့ပါတယ်။

တက်ရောက် အားပေးတဲ့ ပရိသတ် ခြောက်သောင်းကျော် ကလဲ အိုင်ဆက် နယူတန်ရဲ့ ဆွဲငင်အား သဘောတရား တွေ့ရှိခဲ့ တာကို ရည်ညွှန်း တဲ့အနေနဲ့ ပန်းသီးတွေ တပြိုင်နက် ကိုက်ကြပြီး ပါဝင် ဆင်နွှဲ ခဲ့ကြ ပါတယ်။

လက်တဘက်တည်းရှိသူကလည်း ရှိတဲ့ တခြားလက်နဲ့ သူတို့ နိုင်ငံအလံတွေကို ဝှေ့ယှမ်းခဲ့ကြ သလို၊ တချို့ကလည်း လက်တွန်းလှည်းမှာ အလံကို တပ်ဆင်ထားကြပါတယ်။ ဖွင့်ပွဲမှာ မျက်စိမမြင်သူ၊ ချိုင်းထောက်နဲ့ လမ်းလျောက်သူ၊ လူပုကလေးတွေ အပါအဝင် မသန်ပေမယ့် စွမ်းကြတဲ့ နိုင်ငံတကာက အားကစား သမားတွေကို တစုတစည်းတည်း မြင်တွေ့ရပါတယ်။

မသန်စွမ်းသူများ အားကစားပွဲကို တခြားအားကစားပွဲတွေနဲ့ မတူ ကွဲပြားစေတာကတော့ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်မှု ဖြစ်တဲ့အကြောင်းကိုလည်း ဘုရင်မကြီးက ပွဲမစခင် လေးမှာ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရေကူးမှာ စစ်အောင် နဲ့ လှံတံပစ်မှာ ဝင်းနိုင်တို့က ယှဉ်ပြိုင်ကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။