
အလက်ပိုမှာ တိုက်ပွဲတွေ ဆက်ဖြစ်
ဆီးရီးယား စစ်တပ်က ဓာတု လက်နက် သုံးရင် ကြီးမားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန် သမ္မတ အိုဘားမားက သတိပေး လိုက်ပါတယ်။
လောလောဆယ်မှာ စစ်ရေး အရ စွက်ဖက်ဖို့ ညွှန်ကြား မထားပေမယ့် ဆီးရီးယားက ဓာတု လက်နက်တွေ သုံးလာပြီ ဆိုရင် ဆီးရီးယား ကိစ္စကို ကိုင်တွယ်ပုံကို ပြောင်းဖို့ စဉ်းစားရလိမ့်မယ်လို့ အိုဘားမားက ပြောပါတယ်။
ဆီးရီးယား စစ်တပ်က ဓာတု လက်နက်၊ ဒါမှမဟုတ် ဇီဝ လက်နက်တွေ သုံးလာရင် ဒေသတွင်းက ပဋိပက္ခဟာ ပိုပြီး ကျယ်ပြန့် လာလိမ့်မယ်လို့ အိုဘားမားက အိမ် ဖြူတော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ရာမှာ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။
ဒီလို လက်နက်တွေ သုံးလာရင် ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးကို စိုးရိမ်တကြီး ဖြစ်စေနိုင်သလို အမေရိကန် အတွက်လည်း စိုးရိမ်စရာ ဖြစ်လိမ့်မယ် လို့ သူက ပြောပါတယ်။
ဆီးရီးယားမှာ ရှိတဲ့ ဓာတု လက်နက် ပမာဏဟာ ကမ္ဘာမှာ စတုထ္ထ အများဆုံး ဖြစ်ဖွယ် ရှိတယ်လို့ သုတေသန ဂျာနယ် တစောင်က ခန့်မှန်းထားပြီး ဆီးရီးယား အစိုးရကိုယ်တိုင်က ဒီလက်နက်တွေကို သူတို့ အခေါ် ရန်သူတွေကိုပဲ ရည်ရွယ် အသုံးပြုမယ်လို့ ပြီးခဲ့တဲ့ လက ပြောလိုက်ခြင်းအားဖြင့် သူတို့ဆီမှာ ဓာတု လက် နက်တွေ ရှိနေနိုင်တာကို အရိမ်အမြွက် ပြောခဲ့ပါတယ်။
ဒီအတော အတွင်းမှာ ဆီးရီးယား ဆိုင်ရာ ကုလ အထူး ကိုယ်စားလှယ်သစ် ကိုဖီ အာနန် နေရာကို ဆက်ခံတဲ့ လက်ခဒါ ဘရာဟီးမီက ဆီးရီးယား သမ္မတ အာဆတ် ရာထူးက ဆင်းသင့် မသင့် သူ့မှာ ပြောနိုင်တဲ့ အနေအထား မရှိဘူးလို့သာ ပြောခဲ့ပြီး သူ့အနေနဲ့တော့ အဖြေ တခု ထွက်အောင် ကြိုးစားမယ်လို့သာ ပြောခဲ့ပါတယ်။
အစောပိုင်းက သမ္မတ အာဆတ် ဆက်ရှိသင့် မသင့် သူ့မှာ ပြောနိုင်တဲ့ အနေအထား မရှိဘူးလို့ ပြောခဲ့တဲ့ အတွက် ဆီးရီးယား အတိုက်အခံတွေက မကျေမနပ် ဖြစ်ခဲ့ ပါတယ်။
ဒါပေမယ့် သူ့ အခန်းကဏ္ဍဟာ ကြားဝင် စေ့စပ် ဖြေရှင်းပေးသူရဲ့ ကဏ္ဍသာ ဖြစ်ပြီး အပစ်ရပ်နိုင်ဖို့ ဘယ်သူနဲ့မဆို တွေ့ဆုံ စကားပြောရမှာ ဖြစ်တယ်လို့ ကုလ အထူး ကိုယ်စားလှယ်သစ် ဘရာဟီးမီက ဘီဘီစီကို ပြောပြခဲ့ပါတယ်။
ကိုဖီ အာနန် တာဝန် ယူနေချိန်က အပစ်အခတ် ရပ်စဲရေးကို လေ့လာ စောင့်ကြည့် ဖို့ကို ကုလသမဂ္ဂရဲ့ အဓိက တာဝန်အဖြစ် သတ်မှတ် ခဲ့ပေမယ့် အခု အဲဒိ တာဝန် တွေ အစား ကုလသမဂ္ဂက ဒမတ်စကာဒ် မြို့တော်မှာ ရုံဖွင့်ပြီး ဆီးရီးယား အစိုးရ ထဲက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး အပစ်ရပ်ရေး အတွက် ဆက်လက် ကြိုးစားမှာ ဖြစ်ပါတယ်။

















