BBC navigation

ဘိုရှီလိုင်ဇနီးကို လူသတ်မှုနဲ့ ဆိုင်းငံ့ သေဒဏ်ပေး

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 11:39 GMT

ဂူကိုင်လိုင်က ဗြိတိသျှ စီးပွားရေး သမား နေးဟေးဝုဒ်ကို အဆိပ်ခတ် ခဲ့တယ်ဆိုတာ ဝန်ခံခဲ့

ဗြိတိသျှ စီးပွားရေး သမား တဦးကို သတ်မှုနဲ့ တရုတ်နိုင်ငံက သြဇာအရှိဆုံး နိုင်ငံရေး သမားတဦးဖြစ်တဲ့ ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ဂူကိုင်လိုင် ကို ဆိုင်းငံ သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

အခုလို လူသတ်မှုမှာ ဇနီးဖြစ်သူ ဂူကိုင်လိုင်ရဲ့ ပါဝင် ပတ်သက်မှု ကြောင့် ခင်ပွန်းသည် ဘိုရှီလိုင်ရဲ့ နိုင်ငံရေး သြဇာကို ထိခိုက်စေခဲ့ပြီး ခေါင်းဆောင်မှု အပြောင်းအလဲနဲ့ ပတ်သက်လို့ အာဏာရ ကွန်မြူနစ် ပါတီတွင်း အကွဲအပြဲတွေ ရှိနေတယ် ဆိုတာကို ပေါ်ထွက် လာစေခဲ့ ပါတယ်။

ဒီလို သေဒဏ် စီရင်တာကို အများစုကတော့ မကျေနပ်ကြ ပါဘူး။ တချို့ကလဲ ဂူကိုင်လှိုင်ရဲ့ ကျောထောက် နောက်ခံကြောင့် ကျန်းမာရေး အကြောင်းပြ ချက်နဲ့ လွတ်လာနိုင်တယ်လို့ ဆိုနေကြ ပါတယ်။

ဒီလို ဆိုင်းငံ့ သေဒဏ် တွေကို တရုတ်ပြည်မှာ ထောင် တသက်တကျွန်း ပြောင်းပေးလေ့ ရှိပါတယ်။

ဂူကိုင်လိုင်ရဲ့ လက်ထောက် Zhang Xiaojun ကိုတော့ လူသတ်မှုမှာ ကူညီမှုနဲ့ ထောင် ၉ နှစ် ချခဲ့ပါတယ်။

စီရင်ချက်ချပြီးတဲ့နောက် ဂူကိုင်လိုင်က ဒီစီရင်ချက်ဟာ မျှတပြီး ဥပဒေ၊ အမှန်တရားနဲ့ အသက်ကို အထူး လေးစားကြောင်း ပြတာပဲ ဖြစ်တယ်လို့ တရားခွင်မှာ တုံပြန် ပြောကြားခဲတာကို ကို တရုတ် အစိုးရ ရုပ်သံက ပြသ ခဲ့ပါတယ်။

သြဂုတ် လ ၉ ရက်နေ့ က တံခါးပိတ် စစ်ဆေးတဲ့ တရားခွင်မှာ မစ္စဂူက ဗြိတိသျှစီးပွားရေးသမား မစ္စတာ ဟေးဝုဒ်ကို ချုံကျင့်မြို့ ဟိုတယ် တခုမှာ လက်ထောက် တယောက် အကူအညီနဲ့ အဆိပ်ခတ် သတ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ တရုတ် အစိုးရ သတင်းဌာနက ဆိုပါတယ်။

မစ္စတာ ဟေးဝုဒ်က မြေ အရောင်းအဝယ် ကိစ္စ အငြင်းပွားမှုမှာ သူ့သားကို ခြိမ်းခြောက် ခဲ့လို့ သူ စိတ်ထိခိုက် ခြောက်ခြားခဲ့ ရတယ်လို့ မစ္စဂူက ထွက်ဆိုကြောင်း သိရပါတယ်။

မစ္စတာ ဟေးဝဒ်က မစ္စဂူရဲ့သားကို ခြိမ်းခြောက်တာ ဖြစ်နိုင်ကြောင်း တရားရုံးက ယုံကြည် ပေမယ့် တကယ်တမ်း အနှောင့်အယှက် ပေးခဲ့တယ်လို့ မယူဆဘူးလို့ ရုံးတော် ပြောခွင့်ရ တန်ယီဂန်က စီရင်ချက် ဖတ်ကြား ပြီးနောက် ပြောကြားပါတယ်။

မစ္စဂူမှာ စိတ်ပိုင်း အဆင်မပြေတာ ရှိနေတာ တွေ့ရတယ် လို့လဲ သူက ဆိုပါတယ်။

ဒီအမှုကို သေချာ စစ်ဆေးဖို့ ဗြိတိန်က တောင်းဆို ပေမယ့် ရလဒ်ကတော့ တရုတ် အာဏာပိုင် တွေနဲ့ပဲ ဆိုင်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒီ စီရင်ချက်ကို သေဆုံးသူ မိသားစု ကလဲ လေးစားကြောင်း မိသားစုရဲ့ ရှေ့နေက ပြောပါတယ်။

သေဒဏ်ကို ၂ နှစ် ဆိုင်းငံ့ ထားတဲ့ အတွင်း ထောင် ထဲမှာ မစ္စဂူ နောက်ထပ် ပြစ်မှု မကျူးလွန်ဘူး ဆိုရင် ထောင်တသက် ပြောင်းလဲ ချမှတ် နိုင်ပြီး ကောင်းမွန်စွာ နေထိုင်မယ် ဆိုရင် ထပ် လျှော့ ပေးသွား နိုင်တယ်လို့ တရုတ် ဥပဒေ ကျွမ်းကျင်သူ ပါမောက္ခ ဒေါ်နယ် ကလပ်က ရေးပါတယ်။

ဒီ အမှု သက်သေ အထောက်အထား တွေကို ဖုံးကွယ် ထားမှုနဲ့ ချုံကျင့်က ရဲ အရာရှိကြီး ၄ ဦးကိုလဲ သြဂုတ်လ ၁ဝ ရက်က ၅ နှစ်က ၁၁ နှစ်ထိ ထောင်ဒဏ်တွေ ချလိုက်တယ်လို့ သိရပါတယ်။

ဘိုရှီလိုင်ရဲ့ လက်ထောက် ရဲ ဌာန အကြီးအကဲ Wang Lijun အမေရိကန် ကောင်စစ်ဝန် ရုံးကို ထွက်ပြေးပြီး ဒီလူသတ်မှု သတင်းပေးခဲ့တာကနေ ဒီအမှု လမ်းစ ပေါ်လာခဲ့တာပါ။

ဒီ လက်ထောက်ကိုလဲ ခုထိ စစ်ဆေး နေဆဲလို့ တရုတ် အစိုးရက ဆိုပါတယ်။

ဇနီးသည် အမှုကို စစုံစမ်း နေကထဲက မစ္စတာ ဘို အများပြည်သူ မြင်ကွင်းမှာ ပေါ်မလာတော့ ပါဘူး။

သူ့ကို ဒီနှစ်ကုန်မှာ အနားယူမယ့် ပါတီ ပေါ်လစ်ဗျူရို လူကြီး ၇ ယောက် နေရာ ဝင်မယ့် တယောက်လို့ အစက မှန်းထား ကြ တာပါ။

မစ္စတာဘိုကို ကွန်မြူနစ် ပါတီက ဘယ်လို ကိုင်တွယ်မယ် မသိရ သေးပေမယ့် သူ ရာထူးက ဖယ်ရှား ခံရပြီး စည်းကမ်း ဖောက်မှုနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ တရုတ်အစိုးရ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။