
ဒဏ်ရာရ သတ္တုတွင်း အလုပ်သမားကို သမ္မတ တွေ့ဆုံ
တောင်အာဖရိက နိုင်ငံမှာ အလုပ်သမား ၃၄ ယောက် သေဆုံးခဲ့ရတဲ့ သတ္တုတွင်း အလုပ်သမား ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီးနောက် အခုအခါမှာ အလုပ်သမားတွေရဲ့ မကျေနပ်မှုတွေဟာ အရှိန်အဟုန် ပိုမို တိုးမြင့်လာပြီး ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
သောင်းဂဏန်း တော်တော်များများရှိတဲ့ အလုပ်သမားတွေဟာ ကွင်းပြင်ထဲမှာ တခါတလေ ငုတ်တုတ်ထိုင်ပြီး တခါတလေ မတ်တတ်ရပ် သီချင်းဆိုပြီး ဆန္ဒပြနေကြပါတယ်။
ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူလူစုထဲကို ရဲက အော်တိုမက်တစ် ရိုင်ဖယ်တွေ ပစ္စတိုတွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ၃၄ ယောက် သေဆုံးခဲ့သလို ၇၈ ယောက်ထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဖမ်းဆီးထားသူ အရေအတွက်ကလည်း ၂၀၀ ကျော်ရှိပါတယ်။
မိသားစုတွေဟာ ပျောက်ဆုံးနေသူတွေကို ဆေးရုံ ရင်ခွဲရုံနဲ့ အချုပ်ခန်းတွေမှာ လိုက်လံ ရှာဖွေကြပေမဲ့ သတင်းမရရှိကြတဲ့ အတွက် ဒေါသထွက်နေကြတယ်လို့ အခင်းဖြစ်ပွားစဉ်ကိုယ်တိုင်ရှိနေတဲ့ အာဖရိက ရေဒီယို ၇၀၂ ရဲ့ သတင်းထောက် သိုး ခွန်ခဲ က ဘီဘီစီကို ပြောပါတယ်။
သေဆုံးသူ စာရင်းကို အတိအကျ ထုတ်ပြန်ပေးဖို့ မိသားစုတွေက တောင်းဆိုနေကြပါတယ်။
သမ္မတ ဂျက်ကော့ဗ် ဇူးမားကတော့ အခုဖြစ်ရပ်ဟာ ဝမ်းနည်း ဖွယ် ဖြစ်ရပ်ဖြစ်ကြောင်း ပြောဆိုသလို စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းဖို့လည်း ပြောပါတယ်။
သတ္တုတွင်း အလုပ်သမားတွေဟာ လစာ ၄၈၄ ဒေါ်လာကနေ ၆၀၅ ဒေါ်လာ အတွင်း ရကြပါတယ်။ ပင်ပန်းပြီး အသက်အန္တရာယ်နဲ့ စွန့်စားရတဲ့ အလုပ်အတွက် သူတို့ ရတဲ့ လစာဟာ သိပ်နည်းတယ်လို့ အလုပ်သမားတွေက ပြောဆိုကြပြီး သူတို့ နေထိုင်ရတာကလည်း လျှပ်စစ်မီးမရှိ၊ ရေပိုက် သွယ်တန်းထားတာမရှိတဲ့ တဲတွေထဲမှာ နေထိုင်ကြရတာလို့ ဆိုပါတယ်။
သူတို့က လစာကို ၁၅၁၂ ဒေါ်လာ အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
ဒီသတင်းပတ် စောစောပိုင်းမှု အဓိကရုဏ်းဖြစ်ပွားပြီး ရဲနှစ်ယောက် အပါအဝင် စုစုပေါင်း လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီ့နောက် အခြေအနေ ပိုမို တင်းမာ လာပြီး ကြာသပတေးနေ့က ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။
ကြာသပတေးနေ့က ဆန္ဒပြပွဲမှာ ရဲက မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်၊ မေ့ဆေးဓါတ်ငွေ့တွေ အသုံးပြုခဲ့သလို မြင်းနဲ့ ကားတွေကိုပါ အသုံးပြု လူစုခွဲခဲ့ပြီးနောက်မှ ပစ်ခတ်နှိမ်နင်းခဲ့တာလို့ လည်း ဆိုပါတယ်။
သတ္တုတွင်း လုပ်ငန်းကို လုပ်ကိုင်တဲ့ လွန်မင် ကော်ပိုရေးရှင်းကြီးဘက်ကတော့ အခုဖြစ်ရပ်ဟာ ကြေကွဲစရာဖြစ်ရပ်ပါလို့ ဆိုပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲဟာ ဥပဒေနဲ့ မညီတဲ့ ဆန္ဒပြပွဲလို့ ကော်ပိုရေးရှင်းကြီးရဲ့ ဘဏ္ဍာရေး အရာရှိချုပ် ဆိုင်မွန် စကော့ ကပြောပါတယ်။
အလုပ်သမားတွေဟာ အလုပ် မဆင်းဖို့ ဆုံးဖြတ်ခဲ့ကြပြီးနောက်မှာ ကျနော်တို့ ထိန်းသိမ်းလို့ မရနိုင်တဲ့ အကြမ်းဖက် မှုတွေ ဖြစ်လာလို့ ရဲက ဝင်ရောက် ဟန့်တားရတာပါလို့လည်း ဆိုပါတယ်။
နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပလက်တီနမ် သတ္တုတွင်း လုပ်သားတွေရဲ့ ဘဝအခြေအနေတွေကို သုတေသနပြုနေတဲ့ ဘန့်ချ် မာ့က်စ် ဖောင်ဒေးရှင်းရဲ့ အကြီးအကဲ ဂျွန်ကပ်ပယ်ကတော့
"ရဲအဖွဲ့ရဲ့ ပစ်ခတ်နှိမ်နင်းမှုဟာ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ မရှိဘူး။ သတ္တုတွင်း လုပ်သား ၃၄ ယောက်သေဆုံးအောင် နှိမ်နင်းလောက်တဲ့ အကြောင်းဘာမှ မရှိဘူး။ ဥပဒေနဲ့ မညီတဲ့ ဆန္ဒပြမှုကို လုပ်ရင် သေဒဏ်ပေးတယ်ဆိုတဲ့ သဘော ဖြစ်နေတယ်" လို့ ဝေဖန် ပြောဆိုသွားတာဖြစ်ပါတယ်။
အေအန်စီ အာဖရိက အမျိုးသား ကွန်ဂရက်စ် အဖွဲ့ရဲ့ လူငယ်ခေါင်းဆောင် ဟောင်း တယောက် ဖြစ်တဲ့ ဂျုလီယက်စ် မလန်းမားကလည်း ရဲအဖွဲ့ရဲ့ ပစ်ခတ်မှုကို ရှုတ်ချပြောဆိုသလို ရဲအဖွဲ့ကို ပစ်ခတ်နှိမ်နင်းခွင့်ပေးခဲ့တဲ့ သမ္မတ ဂျက်ကော့ဗ် ဇူးမားကိုလည်း ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ စုံစမ်းရေး ကော်မရှင်ဟာလည်း လွတ်လပ်တဲ့ ကော်မရှင်ဖြစ်ဖို့ လိုတယ်လို့ သူကဆိုပါတယ်။






















