
ဆန္ဒပြသူတွေက တရုတ်အလံတွေ ဝှေ့ယမ်းကာ အဲဒီကျွန်းတွေကနေ ဂျပန်တွေ ထွက်သွားဖို့ တောင်းဆိုခဲ့ကြ
အရှေ့ တရုတ် ပင်လယ်ထဲက သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းစုတွေပေါ် ဂျပန် အမျိုးသားရေး ဝါဒီ တက်ကြွ လှုပ်ရှားသူတွေ ရောက်လာပြီး ဂျပန်နိုင်ငံ အလံကို လွှင့်ထူ ခဲ့ကြတဲ့ အတွက် ထိုင်ဝမ်နဲ့ တရုတ် နိုင်ငံတွေမှာ ဂျပန် ဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာတော့ လူပေါင်းထောင်နဲ့ ချီပြီး ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။
ရှင်ဂျန်၊ ဂွန်ဂျုံးနဲ့ တခြား မြို့ကြီး အတော် များများမှာ ဆန္ဒပြ နေကြတာ ဖြစ်ပြီး၊ ဆန္ဒပြသူတွေက တရုတ်အလံတွေ ဝှေ့ယမ်းကာ အဲဒီ ကျွန်းတွေ ကနေ ဂျပန်တွေ ထွက်သွား ဖို့ တောင်းဆိုခဲ့ ကြပါတယ်။
ရှင်ဂျန်မြို့ ဆန္ဒပြပွဲတွေ မှာတော့ တချို့ဆန္ဒပြ သမားတွေက ဂျပန်နိုင်ငံထုတ် ကားတွေကို ရိုက်ခွဲကြပါတယ်။ နောက်ပြီး ဂျပန် စားသောက်ဆိုင်တွေ ကိုလည်း ဖျက်ဆီးပစ် ခဲ့ကြ ပါတယ်။
ဂျောင်ယု ကျွန်းစုလို့ တရုတ်တို့က အမည် ပေးထားပြီး ဂျပန်တွေက ဆန်ကာကူလို့ ခေါ်တဲ့ အဲဒီ ကျွန်းစုတွေ နားမှာ ဒုတိယ ကမ္ဘာစစ် အတွင်းက ကျဆုံးခဲ့ကြတဲ့ ဂျပန် တွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် အနေနဲ့ ဂျပန်တွေသွား ရောက်ခဲ့တာ လို့ ဆိုပါတယ်။
အဲဒီ အဖွဲ့နဲ့ အတူလိုက်ပါလာတဲ့ ဂျပန်နိုင်ငံရေးသမား တဦးကလည်း ဒီကျွန်းစုတွေဟာ ဂျပန်နိုင်ငံ ပိုင်တဲ့ ကျွန်းစုတွေ ဆိုတာကို နိုင်ငံတကာကို ပြချင်တဲ့ အတွက် လုပ်တာလို့ ပြောပါတယ်။

ဂျပန် အမျိုးသားရေး တက်ကြွသူတွေ ကျွန်းပေါ် ရောက်လာပြီး ဂျပန်နိုင်ငံ အလံတွေ လွှင့်ထူ ခဲ့ကြ
တရုတ်ဘက်ကတော့ သူတို့ပိုင် ဒီ ဂျောင်ယု ကျွန်းစုတွေ ပေါ်မှာ ဒီလို လာလုပ်တာဟာ ဥပဒေ ချိုးဖေါက်ရာကျတယ်။ သူတို့ရဲ့ အချုပ်အခြာ ပိုင်နက် နယ်မြေကို ထိပါး တာ ဖြစ်တယ် လို့ သတိပေး လိုက်ပါတယ်။
အခု ဂျပန်၊ တရုတ်နဲ့ ထိုင်ဝမ်တို့ အကြား သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ အဲဒီကျွန်းစုတွေဟာ ထိုင်ဝမ်ရဲ့ အရှေ့မြောက်ဘက်၊ တရုတ် ပြည်မကြီးရဲ့ အရှေ့ဘက်၊ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းစုရဲ့ အနောက်တောင် ဘက်မှာ တည်ရှိတာပါ။
တရုတ်အစိုးရက ဒီကျွန်းစုတွေဟာ ရှေး ပဝေသဏီ ကတည်းကိုက သူတို့ရဲ့ ပိုင်နက် နယ်မြေ ဖြစ်ခဲ့တာလို့ ဆိုနေသလို ဂျပန်တို့ ကလည်း အဲဒီ ကျွန်းစုတွေဟာ လူသူ မနေတဲ့ ကျွန်းတွေ ဆိုတာ အသေအချာ လေ့လာ သိထားခဲ့ တာကြောင့် ၁၉၈၀ ခုနှစ် နှောင်းပိုင်း လောက်က စပြီး ဒီကျွန်းစုတွေကို ထိန်းချုပ် လာခဲ့တာလို့ ဆိုပါတယ်။
ဒီကျွန်းစုတွေဟာ အရေးပါတဲ့ ရေကြောင်း လမ်းတွေနဲ့ နီးနီးကပ်ကပ် တည်ရှိနေပြီး ငါးဖမ်းလို့ ကောင်းတဲ့ နေရာ ဖြစ်သလို ရေနံသိုက်ကြီးတွေ ရှိနေတယ်လို့ ယူဆ နေကြတာမို့ ဒီကျွန်းစုတွေကို အကြီးအကျယ် လုနေကြတာပါ။
ဒီကျွန်းစုတွေ ကိစ္စ အငြင်းပွားနေကြတာကြောင့် တရုတ်နဲ့ ဂျပန် နိုင်ငံ ဆက်ဆံရေး တွေ အရင်ကတည်းက အရှိန်တန့် နေခဲ့တာပါ။ ၂၀၁၀ခုနှစ် စက်တင်ဘာလ တုန်းက အဲဒီ ကျွန်းစုနားမှာ တရုတ် ငါးဖမ်းလှေ မာလိန်မှူး တဦးကို ဂျပန်အစိုးရက ဖမ်းဆီး ခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ထပ်ဆိုးဝါးသွားခဲ့ရ ပြန်ပါတယ်။
ဒီတော့ နဂို ကတည်းကိုက အရှေ့ တရုတ် ပင်လယ်မှာ ရှိနေတဲ့ ရေနံနဲ့ ဓါတ်ငွေ့တွင်း တွေနဲ့ ပတ်သက်လို့ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေမှုကို ဖြေရှင်းနိုင်ဖို့ တရုတ်နဲ့ ဂျပန် နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေဟာ အခု ဒီ ဆန်ကာကူ ခေါ် ဂျောင်ယု ကျွန်းစုကိစ္စ ထပ် ပေါ်လာပြန် တာကြောင့် နောက်ထပ် ရှုတ်ထွေးမှုတွေ ပိုဖြစ်လာ စရာ ရှိနေ ပါတယ်။













