BBC navigation

ကက်ရှ်မီးယား စစ်သွေးကြွ ခေါင်းဆောင်တဦးကို ဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 15:58 GMT

မိုဟာမက် ယူနွတ်စ်ဟာ ကက်ရှ် မီးယား ခွဲထွက် ရေး လှုပ်ရှားမှု အတွက် အဖွဲ့ဝင်တွေ စည်းရုံးနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ကော့ဇ် ဘဇားက ဒေသခံ တွေကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားတဲ့ ပါကစ္စတန် အခြေစိုက် ကက်ရှ်မီးယား ခွဲထွက် ရေး အဖွဲ့ ဂျာအစ်ရှ် မိုဟမ်မက် အဖွဲ့နဲ့ ပတ်သက်သူ တဦးကို ဘင်္ဂလားဒေ့ရှ် ရဲ အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

၄၈ နှစ် အရွယ် မိုဟာမက် ယူနွတ်စ် ဆိုသူဟာ ရိုဟင်ဂျာတွေနဲ့ တခြားသူတွေကို ကက်ရှ် မီးယား ခွဲထွက်ရေး လှုပ်ရှားမှုမှာ အဖွဲ့ဝင်တွေ အဖြစ် ပါဝင်လာဖို့ စည်းရုံး နေတယ် ဆိုတာ သိရပြီး ဖမ်းဆီးခဲ့တာလို့ လက်ထောက် ရဲမင်းကြီး မိုဟာမက် မာစ်သုလာမန်က ပြောကြောင်း ဘီဘီစီ သတင်းထောက် ကာဒီကာလိုးလ်က ရှင်းပြပါတယ်။

သူ စည်းရုံးခဲ့သူ တွေထဲက ရာမူ အူပိုဂျလာ ဆိုသူဟာ ဒေသခံ ဆက်သွယ် စည်းရုံးရေး မှူး အဖြစ် တာဝန်ပေး ခံရတယ် လို့လည်း ဆိုပါတယ်။ မိုဟာမက် ယူနွတ်စ်ဟာ လက်ရှိ ပါကစ္စတန်မှာ နေထိုင်တဲ့ ဆာဗေး ဟာမစ် ဆိုသူနဲ့ ဆက်သွယ်ပြီး ကက်ရှ်မီးယား ခွဲထွက်ရေး အတွက် စုဆောင်းလို့ ရတဲ့ လူတွေကို ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ် ဘဇား ခရိုင်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်း နှစ်ခုမှာ တရားမဝင် ဝင်ရောက်နေ ထိုင်တဲ့ ရိုဟင်ဂျာတွေကို မိုဟာမက် ယူနွတ်စ်က ပစ်မှတ်ထားပြီး ကက်ရှ်မီးယား လက်နက်ကိုင် တက်ကြွသူ အဖွဲ့ထဲကို ဆွဲသွင်းဖို့ ကြိုးစားတာလို့ ဆိုပါတယ်။

ဂျာရှစ် မိုဟမ်မက် အဖွဲ့ဟာ အိန္ဒိယ ဘက်အခြမ်းမှာ ပါနေတဲ့ ကက်ရှ်မီးယား ပြည်နယ်ကို အိန္ဒိယ လက်အောက် ကနေ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့ဖြစ် ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ပါကစ္စတန် နိုင်ငံက သူတို့ အဖွဲ့ကို တရားမဝင် အသင်းအဖြစ် ကြေညာ ခဲ့ပါတယ်။

ဒါ့အပြင် ဒီအဖွဲ့ဟာ အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် အိန္ဒိယ ၊ ဗြိတိန်၊ အမေရိကန် နိုင်ငံတို့က ကြေညာထားခြင်းကိုလည်း ခံခဲ့ရပါတယ်။ အခုအခါမှာ ရဲက မိုဟာမက် ယူနွတ်စ် ကို စစ်ကြောရေး ဝင်နေပါတယ်။

အဓိက စစ်ဆေးနေတာ ကတော့ သူတို့ အဖွဲ့ဟာ ကော့ဇ် ဘဇားမှာပဲ လှုပ်ရှား တာလား၊ တခြား နေရာတွေမှာရော လှုပ်ရှားသေး သလား ဆိုတဲ့ အချက်နဲ့၊ သူတို့ ဟာ တခြား စစ်သွေးကြွ အုပ်စုတွေနဲ့ရော ပတ်သက်မှု ရှိသေး သလား ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ဘီဘီစီ ဘင်္ဂါလီ ဌာနရဲ့ ဒက်ကာ သတင်းထောက် ကာဒီကာလိုးလ်က ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။