
ရွက်ကြွေဆေး အာနိသင် ဗီယက်နမ်မှာ ကျန်ဆဲ
လွန်ခဲ့တဲ့ အနှစ် ၅ဝ ဗီယက်နမ် စစ်အတွင်းက ရန်သူ ချေမှုန်းဖို့ တောတောင် တွေပေါ်မှာ ကျဲဖျန်း ခဲ့တဲ့ ဓာတု ပစ္စည်း လက်ကျန်တွေကို အမေရိကန် အစိုးရက ကူညီဖယ်ရှား ပေးနေပါပြီ။
လိမ္မော်ရောင် ရွက်ကြွေဆေး က ကျန်ခဲ့တဲ့ ဒိုင်အောက်ဆင် ဓာတ်က ဗီယက်နမ် ရေမြေမှာ ခုထိ စိမ့်ဝင် ကြွင်းကျန် နေဆဲ ဖြစ်ပါတယ်။
ဒီဓာတ်သတ္တိကြောင့် ကင်ဆာ ရောဂါ၊ ကလေးပျက်ကျတာ မွေးရာပါ ကိုယ်လက် အင်္ဂါ ချွတ်ယွင်းတာနဲ့ တခြား မသန်မစွမ်း ပြဿနာတွေ ဖြစ်နေပါတယ်။
ဗီယက်နမ် လူမျိုး ၃ သန်း လောက် အဆိပ်သင့် ခဲ့တယ်လို့ ကြက်ခြေနီက ခန့်မှန်း ပါတယ်။
ဒီ ရှင်းလင်းရေး စီမံချက်ကို လိမ္မော်ရောင် ရွက်ကြွေဆေးရဲ့ သားကောင် ဖြစ်ရသူများ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ကြိုဆို ခဲ့ပေမယ့် ဗီယက်နမ် ဒုက္ခသည် တွေအတွက် နစ်နာကြေး ရဖို့ ဥပဒေ ကြောင်းအရ ကြိုးစားနေ အုံးမှာပဲလို့ ဆိုပါတယ်။
















