bbc.co.uk navigation

ဘင်္ဂလားဒေ့ရှ်ဘက်မှာ အဲန်ဂျီအိုတွေကို အစိုးရတားဆီး

နောက်ဆုံး ရေးသားချိန် 2 သြဂုတ်လ 2012 - 16:53 GMT
rohinjya

ရိုဟင်ဂျာ ဒုက္ခသည်များ

မြန်မာ နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဝင်ရောက် လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ကူညီနေတဲ့ ပရိဟိတ အဲန်ဂျီအို အဖွဲ့တွေကို အကူအညီ ပေးနေတာတွေကို ရပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက ကြာသပတေးနေ့က အမိန့်ထုတ် လိုက်ပါတယ်။

ပြင်သစ် ဆရာဝန်တွေရဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့(MSF)၊ ငတ်မွတ်မှု တိုက်ဖျက်ရေး အဖွဲ့ (ACF)နဲ့ ဗြိတိန်က မွတ်စလင် အကူအညီပေးရေး အဖွဲ့ (Muslim Aid UK) တွေကို မြန်မာ နိုင်ငံနဲ့ နယ်စပ် အနားက ကော့က်စ် ဘဇား နယ်မြေအတွင်း အကူပေး နေတာတွေကို ရပ်ခိုင်းလိုက်တာ ဖြစ်တယ်လို့ ဒေသတွင်း အုပ်ချုပ်ရေးမှုး ဂျိုင်းနူးလ် ဘာရီက ပြောပါတယ်။

သူက ဒီ ပရဟိတ အဖွဲ့တွေက အထောက်အထား ခိုင်လုံစွာ မရှိတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို တရားမဝင် အကူအညီ တွေပေးနေတဲ့ အတွက် ကော့က်စ် ဘဇား နယ်အတွင်းက သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန့်ဖို့ အဲန်ဂျီအို ဆိုင်ရာ ဗျူရိုက အမိန့်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒီလို အကူအညီ တွေပေးနေတဲ့ အတွက် ရိုဟင်ဂျာ ဒုက္ခသည် တွေပိုပြီး ဝင်လာအောင် အားပေးသလို ဖြစ်နေတဲ့ အကြောင်းလည်း ပြောပါတယ်။

အဲဒီ အဲန်ဂျီအို တွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်း တဦးက ဘီဘီစီကို ပြောကြား ရာမှာ သူတို့ အဖွဲ့အစည်း တွေအနေနဲ့ နယ်စပ်မှာ ဒေသခံ တွေအတွက် ကျန်းမာရေး စောင့်ရှောက် မှုတွေ လုပ်နေကြကြောင်းနဲ့ ဒုက္ခသည် တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ရပ်နား ထားရတဲ့ အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ဒုက္ခသည် တွေရဲ့ အခြေအနေ တွေဟာ လက်ရှိ အခြေအနေမှာ အလွန် ဆိုးရွား နေတာကြောင့် ဒုက္ခသည် အရေးကို ဆက်လက် ဆောင်ရွက်ခွင့် ရဖို့ အတွက် သက်ဆိုင်ရာ အဲန်ဂျီအို အရာရှိ ကြီးတွေက အစိုးရ တာဝန် ရှိသူ တွေနဲ့ ညှိုနှိုင်း နေကြတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ် ဘက်မှာရှိတဲ့ ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာ ဦးရေ ၃၀၀၀၀ လောက်ရှိပြီး စခန်း အပြင်မှာ သိန်းနဲ့ ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ အဓိကရုန်း တွေဖြစ် ပြီးနောက်မှာ ပြေးလာ ကြတဲ့ ရိုဟင်ဂျာတွေ ကိုတော့ ဘင်္ဂလားဒေ့ရှ် ဘက်က လက်မခံဘဲ ပြန်လွှတ်ခဲ့ ပါတယ်။

မြန်မာ နိုင်ငံဘက် ရခိုင်ပြည်နယ် အတွင်းမှာဖြစ်ခဲ့တဲ့ အဓိကရုန်း တွေအတွင်းမှာ လူပေါင်း ၈၀ ထက်မနည်း အသက်ဆုံးရှုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။