BBC navigation

အီရတ်က ဗုံးခွဲမှုတွေကြောင့် လူတရာနီးပါး သေဆုံး

နောက်ဆုံး ရေးသားချိန် 23 ဇူလိုင်လ 2012 - 15:35 GMT
Iraq Blast

တိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားတဲ့ ယာဉ်တစီး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့နဲ့ နိုင်ငံမြောက်ပိုင်းဒေသတွေမှာ အတွဲလိုက် ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူပေါင်း ၉၀ ကျော် သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုတွေက အီရတ် လုံခြုံရေး အစောင့်တွေကို အဓိက ပစ်မှတ်ထားခဲ့တာလို့လည်း သိရပါတယ်။

စစ်ဆေးရေးဂိတ်တွေကို ကားဗုံးခွဲမှုတွေရှိသလို၊ စစ်အခြေစိုက် စခန်းတွေကိုလည်း မော်တာတွေနဲ့ ပစ်ခတ်မှုတွေ ရှိတယ်လို့ ဘဂ္ဂဒက်က ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ပါတယ်။ ရဲတယောက်ဆိုရင် သူအိမ်မှာ ရှိနေတုန်း တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

ဒီအတွဲလိုက် ဗုံးခွဲမှုမှာ အသေအကြေ အများဆုံးကတော့ ဘဂ္ဂဒက်မြို့နဲ့ ၁၂ မိုင်လောက်ပဲဝေးတဲ့ တာဂျီမြို့ပဲ ဖြစ်ပါတယ်။ အဲဒီမြို့က ဆူနီ မွတ်စလင်တွေ အများဆုံးနေတဲ့ မြို့ဖြစ်ပြီး အရပ်သား ၂၄ ဦးသေဆုံးခဲ့ပါတယ်။

နောက်တခြား အီရတ်မြို့ကြီးငယ်ပေါင်း ၁၃ ခုလောက်မှာ အတွဲလိုက် တိုက်ခိုက်မှု တွေ ဖြစ်ခဲ့ပါတယ်။ မြို့တော် ဘဂ္ဂဒက်ရဲ့ ရှီယား ရပ်ကွက်မှာဆိုရင် အစိုးရရုံးကို ဦးတည်တိုက်ခိုက်တဲ့ ကားဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၁၂ ဦးလောက် သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်ဆောင်ခဲ့တယ်ဆိုတာတော့ အခုချိန်မှာ မသိရှိရသေးပေမယ့် အေပီ သတင်းအရ အီရတ်မှာရှိတဲ့ အယ်လ်ကိုင်ဒါ ခေါင်းဆောင် အဘူဘက်ကာ အယ်လ် ဘာကာဒါဒီလို့ ယူဆလို့ရတဲ့ သူက တိုက်ခိုက်မှု အသစ်တွေ လုပ်ဆောင်သွားမယ်လို့ စစ်သွေးကြွတွေရဲ့ အင်တာနက်စာမျက်နှာမှာ အသံဖိုင်နဲ့ ပြောဆိုပြီးတဲ့ နောက်ပိုင်း မကြာမီမှာပဲ အခုလို အတွဲလိုက် ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အီရတ်မှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုဟာ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်မှာ လျှော့နည်းခဲ့ပေမယ့် အခုလပိုင်းတွေမှာတော့ ဘာသာရေး ဂိုဏ်းကွဲတွေကြား မကြာခဏဆိုသလိုပဲ အပြန်အလှန် တိုက်ခိုက်မှုတွေရှိနေပါတယ်။

အီရတ်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အခုလိုပဲ အတွဲလိုက် ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။