BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 22:00 GMT

မီဒီယာ ပလေးယား

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ နဲ့ ဆူဇူကီး ဖလား ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်များ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

rooney

မန်ချက်စတာ ယူနိုက်တက် အတွက် ဂိုးသွင်းခဲ့တဲ့ ဝိန်းရူနီ

ပရီးမီးယား လိဂ် ချန်ပီယံ ဘယ်အသင်းတွေ ဖြစ်လောက်လဲ ဆိုတာ ရေးတေးတေး မြင်လာ ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အတွက် သုံးသပ်ချက်တွေ အပြင် မြန်မာ ပါဝင် ယှဉ်ပြိုင် ပေမယ့် အနိုင်မရခဲ့တဲ့ ဆူဇူကီး ဖလား ပြိုင်ပွဲ နဲ့ ပတ်သက်တဲ့ သုံးသပ် ချက်တွေကို တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံး ပူပူနွေးနွေး မြန်မာ့ လက်ရွေးစင် အသင်း ဆူဇူကီး ဖလား ပြိုင်ပွဲကနေ အိမ်ပြန်လာရတာ ဘာကြောင့် လဲ ဆိုတာကို ကြည့်ရအောင်ပါ။

သိကြပြီးတဲ့ အတိုင်း မြန်မာ အသင်းဟာ ဗီယက်နမ်နဲ့ တဂိုးစီ သရေကျ၊ နောက်ပွဲကျ ထိုင်းကို ၄ ဂိုး ပြတ်ရှုံး ပြီး နောက်ဆုံး အနိုင်ရမှ ဖြစ်မယ့် ဖိလစ်ပိုင် နဲ့ ပွဲမှာလည်း ၂ ဂိုး နဲ့ ရှုံးပြီး ပြန်လာ ခဲ့ရတာပါ။

ဒီတော့ ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ မြန်မာ အသင်းရဲ့ အားနည်း အားသာ ချက်တွေ၊ နောက် ပြိုင်ပွဲတွေအတွက် ဘယ်လို ပြင်ဆင် သင့်တယ် ဆိုတာတွေနဲ့ ပတ်သက်လို့ တချိန်က မြန်မာ့ လက်ရွေးစင် အသင်းရဲ့ ရှေ့တန်း တိုက်စစ်မှူးဟောင်း ကိုမျိုးလှိုင်ဝင်းကို ဆက်သွယ်မေးကြည့်တော့ ပထမဆုံး ပွဲမှာ တော်တော် ကောင်းခဲ့ပေမယ့် နောက်ပွဲတွေမှာ ကျသွား ခဲ့ကြကြောင်းနဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ အားမွေးမှု ပိုင်းတွေမှာ တော်တော်လေး လိုနေသေးတယ်လို့ သုံးသပ် ခဲ့ပါတယ်။

အခုတော့ ပရီးမီးယား လိဂ်ဘက်ကို တချက်လှည့်ရအောင်ပါ။

ပရီးမီးယားလိဂ် ပွဲစဉ်တွေက အခုဆို ပွဲစဉ် ၁၅ တောင် ရောက်နေပါပြီ အခု ပထမဆုံး စနေနေ့က ပွဲတွေ အကြောင်းနဲ့ စချင်ပါတယ်။

စနေနေ့က ကန်ခဲ့ကြတဲ့ ပရီးမီးယား လိဂ် ပွဲစဉ် တွေမှာတော့

အစောဆုံး ကန်ခဲ့ကြတဲ့ ပွဲမှာတော့ ဝက်စ်ဟမ်း ယူနိုက်တက်က သူ့အိမ်ကွင်းမှာ ချဲလ်ဆီးကို ၃ဂိုး ၁ ဂိုး နဲ့ နိုင်ပါတယ်။

ချဲလ်ဆီးက မာတာ က ၁၃မိနစ်မှာ ဦးဆောင်ဂိုးကို သွင်းယူ ပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းက ကစားအား မြှင့်ကစား နိုင်ခဲ့တာနဲ့ ဂိုးသမား လက်စွမ်းပြနေ ခဲ့တာကြောင့် ချဲလ်ဆီး တို့ ဂိုး ထပ်မရတော့ဘဲ ၆၃ မိနစ်မှာ ကိုးလ်က ပြန်ချေလို့ တဂိုး စီ သရေဖြစ် ခဲ့ပါတယ်။

နောက် ၈၆ မိနစ်မှာ ဒီယာမီက တလုံး ထပ်သွင်းလို့ ဝက်စ်ဟမ်းက ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဘက်က ပြန်ချေဖို့ အသည်းအသန် ကြိုးစား ပေမယ့် ပွဲပြီး ခါနီးမှာ ချဲလ်ဆီးက အက်ရှ်လေကိုးလ် လူမှားပေး တာကနေ မာယီဂါက တတိယ ဂိုးကို သွင်းပြီး ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူ သွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အောက်တိုဘာလ ၂၈ ရက်က စပြီး နောက်ဆုံး ကန်ခဲ့တဲ့ ၇ ပွဲမှာ တပွဲမှ နိုင်ပွဲ မရှိ ဖြစ်နေခဲ့ ပါတယ်။ သူပထမ နေရာကနေ ဖယ်ပေးလိုက်ရတဲ့ အခု ရှေ့ဆုံးက ပြေးနေတဲ့ မန်ချက်စတာ ယူနိုက်တက် နောက်မှာ ၁၀ မှတ် ပြတ်နေပြီ ဖြစ်ပါတယ်။ အဲဒီတော့ ချဲလ်ဆီး အတွက် ဒီအမှတ် ကွာဟချက်ကို ပြန်လိုက်ဖို့ လွယ်ပါ့မလား။

ဘီဘီစီအတွက် ဧည့် ဘောလုံး ဝေဖန်သူ လာလုပ်တဲ့ အဲဗာတန် အသင်းရဲ့ အသင်းခေါင်းဆောင် ဖီးလစ် နဲဗဲလ် ကတော့

"တော်တော် မလွယ်တဲ့ ကိစ္စပါ။ သူတို့ နောက်တပတ် ဆန်းဒါးလန်းနဲ့ ကန်ပြီးရင် ဂျပန်သွားပြီး ကမ္ဘာ့ ကလပ် ဖလားကို ကန်ရဦးမယ် ဆိုတော့ သူတို့ ပြန်ရောက်တဲ့ အခါ ၁၆ မှတ် လောက်တောင် ပြတ်သွား နိုင်ပါတယ်။ တော်တော်ကို လိုက်ဖို့ မလွယ်တဲ့ ကိစ္စပါ။ နောက်ပြီး လက်ရှိ နည်းပြ ဘနီးတက်ဇ် ကို ပရိသတ် တွေက မကြိုက်ဘဲ အရင်နည်းပြ နာမည်ကို အော်နေကြတာ ကလည်း ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။" လို့ ပြောသွား ခဲ့ပါတယ်။

စနေနေ့က ကန်ခဲ့ကြတဲ့ တခြား ပရီးမီးယားလိဂ် ပွဲ စဉ်တွေမှာတော့

အာဆင်နယ်ကို တော့ သူ့အိမ်ကွင်း အမ်းမရိတ်စ်မှာ ဆွမ်ဆီးက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဖူလမ်ကိုလည်း သူ့အိမ်ကွင်းမှာ တော့တင်ဟမ်က ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဝက်စ်ဘရောမ်းကို စတုခ်က ၁ ဂိုး သုညနဲ့ နိုင်ပါတယ်။

လစ်ဗာပူးလ်က အင်းဖီးလ်ဒ်မှာ ဆောက်သမ်တန်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

စီးတီးအော့ဖ် မန်ချက်စတာ ကွင်းမှာ ကန်ခဲ့တဲ့ မန်စီးတီးနဲ့ အဲဗာတန် တို့ပွဲနဲ့ ကျူပီအာနဲ့ ဗီလာတို့ ပွဲတွေမှာတော့ ၁ ဂိုးစီ သရေကျပါတယ်။

အဲဒီ စနေနေ့က နောက်ဆုံး ကန်ခဲ့ကြတဲ့ ရဒ်ဒီန်း နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ပွဲမှာတော့ ရှေ့ပွဲတွေမှာ အဓိက ပြိုင်ဘက် တွေ အမှတ်တွေ ပဲ့သွားလို့ မန်ယူတို့ သေချာ ကစားမလား ထင်ခဲ့ကြပေမယ့် ထင်သလောက် ခြေစွမ်း မပြနိုင်ပဲ ရဒ်ဒီးန် ဘက်က ဦးဆောင်ဂိုးကို သွင်းသွား ခဲ့ပါတယ်။

ဒါပေမယ့် မန်ယူက ၂ ဂိုး ဆက်ပြန်သွင်း လို့ တခါပြန်ပြီး ဦးဆောင်ပြန်၊ နောက်ဘာမှ မကြာဘဲ ရဒ်ဒီးန်က ၂ ဂိုးပြန်သွင်းပြီး ၃ ဂိုး ၂ ဂိုး နဲ့ ရှေ့ကပြေး ပြန်၊ မန်ယူက နောက်က ပြန်လိုက် ကစားပြီး ၂ ဂိုး ပြန်သွင်း နိုင်လို့ ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်က ရဒ်ဒီန်း အသင်းကို ၄ ဂိုး ၃ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

ဒီပွဲမှာ သွင်းသွားတဲ့ ဂိုးတွေ အကုန်လုံးကို တော့ ပထမပိုင်းမှာပဲ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ အိမ်ကွင်း ကစားအား ကောင်းတဲ့ နောရစ် အသင်းက ဆန်းဒါးလန်း အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွား ခဲ့ပါတယ်။

တနင်္လာနေ့ မှာတော့ နယူးကာဆယ် ယူနိုက်တက်နဲ့ ဝစ်ဂန် အသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဒီ တပတ် ပရီးမီးယား လိဂ် ပွဲစဉ် ၁၅ မှာ မထင်မှတ် တဲ့အဖြေတွေ ထွက်လာတာကို တွေ့ခဲ့ရသလို ဒီရာသီ အတွက် ပရီးမီးယား လိဂ် ချန်ပီယံ ဖြစ်ရေး မှာ ဘယ်အသင်းတွေ အခြေအနေ ကောင်းနိုင်မလဲ ဆိုတာကတော့ မန်ချက်စတာ နှစ်သင်းပဲလို့ မှန်းဆလို့ ရနိုင်လောက်အောင် ပုံပေါ်လာတာကို တွေ့ရပါတယ်။

ဒီနှစ် အတွက် ပရီးမီးယား လိဂ် ချန်ပီယံဆုကို လုကြဖို့ အဖြစ်နိုင်ဆုံး နှစ်သင်းဖြစ်တဲ့ မန်ချက်စတာ မြို့ခံ နှစ်သင်းလာမယ့် ဒီဇင်ဘာ ၉ ရက်မှာ တွေ့ကြတော့မှာပါ။

ဒီရာသီအတွက် ပထမဆုံး မန်ချက်စတာ ဒါဘီကိုတော့ မန်စီးတီးရဲ့ အိမ်ကွင်း ဖြစ်တဲ့ စီးတီးအော့ဖ် မန်ချက်စတာ ကွင်းမှာ ကန်ကြမှာ ဖြစ်ပါတယ်။

ချန်ပီယံ ဖြစ်လောက်တဲ့ ခြေစွမ်း ဘယ်သူက ပိုရှိသလဲ ဆိုတာ ဒီပွဲမှာ တွေ့ကြရမယ့် အပြင် ဒါဘီတို့ ထုံးစံ အသက်ကုန် ကန်ကြဦးမှာ ကတော့ မလွဲဧကန်မို့လို့ ဘောလုံး ပရိတ်သတ်တွေ အကြိုက်တွေ့ကြ ဦးမှာ သေချာပါကြောင်း သတင်းကောင်းလေး ပါးရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံးသတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။