BBC navigation

တပတ်အတွင်း အားကစား သတင်း

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 22:14 GMT

မီဒီယာ ပလေးယား

ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ နဲ့ ဆူဇူကီး ဖလား ပြိုင်ပွဲများ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

manu

တနှစ်အတွင်း ပရီးမီးယားလိဂ် ပွဲပြန်ထွက်ကာ ဂိုးပါသွင်းသွားတဲ့ မန်ယူက ဒါရင် ဖလက်ချာ

အင်္ဂလိပ် ပရီးမီးယား လိဂ် ပွဲစဉ် ၁၃ က ပွဲတွေ အကြောင်းနဲ့ ထိုင်းနဲ့ မလေးရှား ပူးတွဲ အိမ်ရှင် အဖြစ် ကျင်းပနေတဲ့ ဆူဇူကီး ဖလား ဘောလုံး ပြိုင်ပွဲတွေ အကြောင်းကို တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီတပတ် ပရီးမီးယား လိဂ် ပွဲတွေ အကြောင်း မပြောခင် တခြား ဘောလုံး သတင်းတွေ နဲ့စရမယ် ဆိုရင်တော့ မြန်မာ နိုင်ငံရဲ့ ပုဂ္ဂလိက ထိတ်တန်း ရုပ်မြင် သံကြား ဌာန တခု ဖြစ်တဲ့ စကိုင်း နက် ရုပ်မြင်သံကြား ဌာန က အင်္ဂလိပ် ပရီးမီးယား လိဂ် ပွဲတွေကို တိုက်ရိုက် ပြသခွင့် ကန်ထရိုက် စာချုပ် ချုပ်ဆိုနိုင် ခဲ့ပြီလို့ ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

အဲဒီလို ပြသဖို့ ဘယ်လောက် ကုန်ကျ သွားသလဲ မသိရပေမယ့် အခုလို ကမ္ဘာ့ ထိတ်တန်း ဘောလုံး ပြိုင်ပွဲ ကြီးတခုကို ၂၀၁၃ ဘောလုံး ရာသီက စလို့ ၃ ရာသီစာ တိုက်ရိုက် ပြသနိုင်တော့မယ် ဆိုတာ သတင်းကောင်း တခုပါ။

ဒီတပတ် ထဲမှာတော့ ပရီးမီးယား လိဂ် မန်နေဂျာ တွေရဲ့ သတင်းတွေကလည်း တော်တော်လေး လွှမ်းမိုး ထားခဲ့ပါတယ်။

အရင်ဆုံး ချဲလ်ဆီး နည်းပြ ဒီမတ်တီယို ရာထူးကနေ အနားပေး ခံလိုက်ရပါတယ်။ သူ့နေရာမှာတော့ အရင် လစ်ဗာပူးလ် နည်းပြ ရာဖာ ဘာနီးတက်ဇ် ကို တာဝန်ပေးလိုက် ကြပါတယ်။

တခါ ချဲလ်ဆီးရဲ့ အိမ်နီးချင်း နောက်ထပ် လန်ဒန် အ သင်းဖြစ်တဲ့ ကျူပီအာကလည်း သူ့မန်နေဂျာ မာ့ခ် ဟယူးစ် ကို ထုတ်လိုက်ပါတယ်။

အဲဒီ လို အရင်က မန်ချက်စတာ ယူနိုက်တက်ရဲ့ နာမည်ကျော် ဘောလုံးသမားဟောင်း မာ့ခ် ဟယူးစ် မန်နေဂျာ အဖြစ်က အနားပေး ခံရတဲ့ တပတ်ထဲမှာပဲ သူ့ရဲ့ မန်နေဂျာ ဟောင်းကြီး ဆာအဲလက်စ် ဖာဂတ်ဆင်ကတော့ မန်ယူ အသင်းကို ကိုင်တွယ်လာတာ ၂၆ နှစ် ပြည့်သွား ခဲ့ပါတယ်။ အဲဒီ ၂၆ နှစ် အတွင်းမှာ သူဟာ ပရီးမီးယား လိဂ် ၁၂ ကြိမ် နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၇ ခုကို ဆွတ်ခူးနိုင်ခဲ့တာမို့ သူ့ကို မန်ယူ အသင်းက ကြေးရုပ်ကြီးပါ သွန်းထုလို့ ဂုဏ်ပြု လိုက်ကြပါတယ်။

ဆာအဲလက်စ်ရဲ့ ၂၆ နှစ် မန်ယူ နည်းပြ သက်တမ်း အတွင်း ကျူပီအာ အသင်းကလည်း ၂၆ ဦးမြောက် နည်းပြ အဖြစ် အရင် စပါးနည်းပြ ဟောင်း ဟယ်ရီ ရဒ်နက်ကို ခန့်ထား လိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်းပတ် ကုန်မှာ ကန်ကြတဲ့ ပရီးမီးယား လိဂ် ပွဲတွေမှာခုနက လန်ဒန် နှစ်သင်းဟာ မန်ချက်စတာ နှစ်သင်းနဲ့ တွေ့ကြပါတယ်။

ပထမဆုံး ကျူပီအာက မန်ချက်စတာ ယူနိုက်တက်နဲ့ စနေနေ့မှာ တွေ့ပါတယ်။

ကျူပီအာကို ကိုင်တွယ်ဖို့ ဟယ်ရီရဒ်နက်ကို ခန့်လိုက်ပေမယ့် ဒီပွဲမှာတော့ သူ့ကို ပွဲကြည့်စင်မှာ ထိုင်ကြည့်နေတာ ပဲ တွေ့လိုက်ရပါတယ်။

ပွဲကို ပြောရရင်တော့ ပွဲစတာနဲ့ မန်ယူဘက်က တိုက်စစ်ဆင်ပါတယ်။ ပွဲကို စီးထား နိုင်ခဲ့ပါတယ်။ ကျူပီအာ ကွင်းဘက်ခြမ်း အထိကို ဖိလို့ ကစားနိုင်ခဲ့ပါတယ်။ ကျူပီအာ က ကစားအား ကောင်းကောင်းနဲ့ ခံကန်ခဲ့လို့ ပထမပိုင်းက ဂိုးမရှိ သရေပါ။ ဒုတိယပိုင်းမှာလည်း မန်ယူ ဂိုးရဖို့ တိုက်စစ် အကြိမ်ကြိမ် ဆင်ပါတယ်။

ဒါပေမယ့် ဒီနှစ်ထဲမှာ မန်ယူရဲ့ ထုံးစံလို ဖြစ်လာတဲ့ ကိစ္စကတော့ ကိုယ်က ဖိကစားပေမယ့် ဂိုးမသွင်း နိုင်ဘဲ ဂိုးပေး လိုက်ရတာပါပဲ။ ၅၂ မိနစ်မှာ ကျူပီအာက မက်ခေးက သွင်းယူ သွားခဲ့တာပါ။

မန်ယူ ချေပနိုင်ဖို့ အသည်းအသန် ကစားရင်း ၆၄ မိနစ်မှာ အဲဗန်းစ်က တလုံး၊ ၆၈ မိနစ်မှာ ဖလက်ချာက တလုံးနဲ့ ၇၂ မိနစ် မှာ ဟာနန်ဒက်စ်က တလုံး ၈ မိနစ် အတွင်း ၃ ဂိုး ပြန်ရခဲ့လို့ ပွဲအပြီး မှာတော့ မန်ယူကပဲ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ ပါတယ်။

ပွဲအပြီးမှာတော့ နည်းပြကြီး ဆာအဲလက်စ် ဖာဂတ်ဆင် က-

သူတို့အသင်း ၁၀ မိနစ် လောက်ပဲ တကယ် သေသေချာချာ ကောင်းကောင်း ကစား နိုင်ခဲ့တဲ့ အကြောင်း၊ လူစား ဝင်ကစားခဲ့တဲ့ အန်ဒါဆင်က ပွဲအခြေအနေကို ပြောင်းပေး နိုင်ခဲ့တဲ့ အကြောင်းနဲ့ မန်နေဂျာ အပြောင်းအလဲ ဖြစ်တဲ့ အသင်းတွေမှာ တွေ့နေကျ ဖြစ်တဲ့ ကစားပုံ ကစားအား တက်လာတာကို ကျူပီအာ အသင်းမှာ တွေ့ခဲ့ရတဲ့ အကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

စနေနေ့က ကစားခဲ့ကြတဲ့ တခြား ပရီးမီးယား လိဂ် ပွဲတွေမှာတော့

ဆန်းဒါးလန်း အသင်းကို သူ့အိမ်ကွင်းမှာ ဝက်စဘရောမ်း အသင်းက ၄ ဂိုး ၂ ဂိုး နဲ့ နိုင်ပါတယ်။

အဲဗာတန် အသင်းနဲ့ နောရစ်ချ စီးတီး အသင်းတို့ ပွဲမှာတော့ ၁ ဂိုးစီ သရေကျပါတယ်။

စတုခ် စီးတီးကတော့ ဖူလမ် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။

ဝစ်ဂန် အသင်းကတော့ ရဒ်ဒီန်း အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ နိုင်ပါတယ်။

အက်စတန်ဗီလာနဲ့ အာဆင်နယ် တို့ ပွဲမှာတော့ ဂိုးမရှိ သရေကျပါတယ်။

တနင်္ဂနွေ နေ့မှာတော့ ၄ ပွဲ ကစား ခဲ့ကြရာမှာ

ဆွမ်ဆီးနဲ့ လစ်ဗာပူးလ် တို့ ပွဲမှာရော

အများ မျှော်လင့် တကြီး စောင့်ကြည့်ခဲ့ ကြတဲ့ ချဲလ်ဆီးနဲ့ မန်စီးတီး တို့ရဲ့ ပွဲမှာရော ဂိုးမရှိ သရေတွေနဲ့ပဲ ပွဲပြီး သွားခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ နယူးကာဆယ် ယူနိုက်တက်တို့ ပွဲမှာတော့ ဆောက်သမ်တန်က ၂ ဂိုး ဂိုးမရှိနဲ့ နိုင်သွားသလို

တော့တင်ဟမ် ဟော့စပါးစ်နဲ့ ဝက်စ်ဟမ်း ယူနိုက်တက်တို့ ရဲ့ လန်ဒန်ဒါဘီ ပွဲမှာတော့ စပါးစ်က ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွား ခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ မန်စီးတီးတို့ သရေကျ တမှတ်စီ ပဲ ခွဲယူ နိုင်ခဲ့ကြလို့ ကျူပီအာကို နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယား လိဂ် ဇယားကို ပြန်ပြီး ဦးဆောင်နိုင်သွား ပြန်ပါတယ်။

ကဲ အခုတော့ အင်္ဂလန်ကနေ အရှေ့တောင် အာရှကို ခုန်ရအောင်ပါ။

ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတွေ ပူးတွဲလို့ ၂၀၁၂ ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲကြီးကို စနေနေ့က စတင်လို့ ကျင်းပနေပြီ ဖြစ်ပါတယ်။

၂၀၁၂ ဆူဇူကီးဖလား ဘောလုံး ပြိုင်ပွဲတွေမှာတော့-

စနေနေ့က ထိုင်းနိုင်ငံမှာ ကန်ခဲ့ကြတဲ့ ပွဲစဉ် တွေမှာ

မြန်မာ အသင်းနဲ့ ဗီယက်နမ် အသင်းတို့ ပွဲမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဗီယက်နမ်က ၃၄ မိနစ်မှာ စသွင်းခဲ့တာ ဖြစ်ပြီး မြန်မာဘက်က ၅၃ မိနစ်မှာ ပင်နယ်တီက တဆင့် ကြည်လင်းက ပြန်လည် ချေပနိုင်ခဲ့ပါတယ်။

အိမ်ရှင် ထိုင်းနဲ့ ဖိလစ်ပိုင် တို့ ရဲ့ ပွဲမှာတော့ ထိုင်း က ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့ပါတယ်။

အဲဒီ အုပ်စု အေ မှာတော့ ထိုင်းက ၃ မှတ်နဲ့ ဦးဆောင် နေပါတယ်။

တနင်္ဂနွေ နေ့က ပွဲစဉ် တွေကိုတော့ မလေးရှား နိုင်ငံမှာ ကန်ခဲ့ကြတာမှာ

အင်ဒိုနီးရှား အသင်းနဲ့ လာအို အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

နောက်ပွဲဖြစ်တဲ့ ပူးတွဲအိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ မလေးရှား နဲ့ စင်္ကာပူ တို့ ပွဲမှာတော့ စင်္ကာပူ အသင်းက အိမ်ရှင် မလေးရှား ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ သွား ခဲ့ပါတယ်။

အဲဒီ အနိုင်ကြောင့် စင်္ကာပူဟာ သူတို့ အုပ်စု ဖြစ်တဲ့ အုပ်စု ဘီ ကို ၃ မှတ် နဲ့ ဦးဆောင် နေပါတယ်။

ဘာပဲ ဖြစ်ဖြစ် မြန်မာ အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြိုင်ပွဲမှာ ဂိုးပြတ်ရှုံးခဲ့ရတဲ့ ဗီယက်နမ်ကို သရေ ကစားနိုင်ခဲ့တာဟာ အားရစရာ ရလဒ် ကောင်းတခုလို့ ပြောလို့ ရပါတယ်။

မြန်မာ အသင်းဟာ လာမယ့် အင်္ဂါနေ့မှာတော့ အိမ်ရှင် ထိုင်း အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ရလဒ်ဟာဖြင့် မြန်မာ အသင်းနောက်တဆင့် တက်ဖို့ အတွက်မှာ တော်တော်ကို အရေးပါမှာ ဖြစ်လို့ မြန်မာ အသင်း ဘယ်လိုဘယ်ပုံ ကစားကြမယ် ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အဲဒီပွဲရဲ့ နောက် သောကြာ နေ့မှာတော့ မြန်မာ အသင်းဟာ အခုတလော ခြေစွမ်း တော်တော် တက်လာ နေတဲ့ဖိလစ်ပိုင် အသင်းနဲ့ ကစား ရမှာ ဖြစ်လို့ ပွဲကောင်း လည်း ဖြစ်နိုင်တာမို့ မလွတ်တမ်း အားပေးရအောင် ကြိုတင် အသိပေးရင်း အားကစား သတင်းတွေကို ဒီမှာ ပဲ အဆုံးသတ်လိုက်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။