BBC navigation

ပရီးမီးယားလိဂ် ပွဲစဉ် ၉ နဲ့ ချန်ပီယံလိဂ်

နောက်ဆုံး ရေးသားချိန် 28 အောက်တိုဘာလ 2012 - 22:31 GMT

မီဒီယာ ပလေးယား

ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်ပွဲ၊ အဲဗာတန်နဲ့ လစ်ဗာပူးလ် တို့ရဲ့ မာဆီဆိုဒ် ဒါဘီ ပွဲများနဲ့ အသင်းကြီးတွေ ကွဲခဲ့ကြတဲ့ ချန်ပီယံလိဂ်ပွဲများ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

football_champions_league_chicharito

ချဲလ်ဆီကို ဂိုးသွင်းခဲ့တဲ့ မန်ယူက ချီချာရီတို

ပရီးမီးယား လိဂ် ဇယားရဲ့ ထိပ်က ပြေးနေတဲ့ အသင်းကြီး ၂ သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ယူနိုက်တက် တို့ပွဲ နဲ့ အဲဗာတန် လစ်ဗာပူးလ် တို့ရဲ့ မာဆီဆိုဒ် ဒါဘီ ပွဲတွေ အကြောင်းနဲ့ သုံးသတ် ချက်တွေကို တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

အခုတော့ ပရီးမီးယား လိဂ် မတိုင်ခင် ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ကန်ခဲ့ကြတဲ့ ချန်ပီယံလိဂ် ပွဲတွေနဲ့ စပါရစေ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေက ကန်ခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲတွေမှာတော့ ပရီးမီးယားလိဂ် အသင်းတွေ သိပ်ပြီး အခြေမလှခဲ့ကြပါဘူး။

အိုးထရက်ဖို့ဒ်မှာကန်ခဲ့တဲ့ မန်ယူနဲ့ ဘရာဟာတို့ ပွဲမှာလည်း ဘရာဟာက ဦးဆောင်ဂိုး ၂ ဂိုး စသွင်းပြီးမှ မန်ယူက သူတို့ရဲ့ ထုံးစံ အတိုင်း နောက်ကလိုက်ပြီး နိုင်အောင် ကစား နိုင်ခဲ့လို့ ပွဲအပြီးမှာ ၃ ဂိုး ၂ ဂိုး နဲ့ နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးကတော့ ရှာတာဒေါ့ညက် နဲ့ အဝေးကွင်းသွား ကစားခဲ့ရာမှာ ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးခဲ့ပါတယ်။

တခါ အာဆင်နယ်ကလည်း အိမ်ကွင်းမှာ ကန်ရက်နဲ့ ရှော်လ်ကာ 04 ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့သလို ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးဟာလည်း အားယက် အမ်စတာဒမ်နဲ့ အဝေးကွင်းသွား ကန်ခဲ့ရာမှာ ၃ - ၁ နဲ့ ရှုံးပြီး အိမ်ပြန်လာခဲ့ရပါတယ်။

တခြား ဥရောပ အသင်းကြီး တွေထဲက ရီးယဲလ် မဒရစ် ဟာလည်း ဘိုရပ်ရှား ဒေါ့တ်မန် အသင်းကို အဝေးကွင်းမှာပဲ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးပါတယ်။ ထိုနည်းတူ အေစီမီလန်ဟာလည်း အဝေးကွင်းမှာ မာလာဂါကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ လီးလ် အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး ဘာစီလိုနားကလည်း ဆဲလ်တစ်ကို ပွဲပြီးခါနီးမှ ကပ်သွင်းနိုင်တဲ့ ဂိုး ကြောင့် အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။

အခုတော့ ပရီးမီးယား လိဂ် ပွဲတွေဘက် လှည့်ရအောင်ပါ။ ပရီးမီးယား လိဂ် ပွဲစဉ် တွေကန်လာကြတာ အခုဆို ၉ ပွဲ ရောက်လာပြီ ဖြစ်ပါတယ်။ ခုချိန်ထိတော့ အသင်းကြီးတွေ တချို့လည်း ခြေပေါ် တချို့လည်း ခြေလျှော်နဲ့သိပ် မမှန်သေးသလို အသင်းငယ် တွေထဲကလည်း ရာသီစကတည်း က နိုင်ပွဲမရသေးတဲ့ အသင်းတွေလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။

စနေနေ့မှာ ဒီတပတ် ပွဲစဉ် တွေထဲက ၆ ပွဲကစားခဲ့ ကြပါတယ်။

စနေနေ့က ကန်ခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယား လိဂ် ပွဲစဉ် တွေမှာတော့

အက်စ်တန် ဗီလ်လာ နဲ့ နောရစ် စီးတီးတို့ ပွဲမှာ တဂိုး စီသရေကျ ပါတယ်။

ရဲဒ်ဒီန်း နဲ့ ဖူလမ် တို့ပွဲမှာလည်း ၃ ဂိုး စီသရေကျပါတယ်။

တခါအိမ်ကွင်း ကစားအား ကောင်းတဲ့ စတုခ် စီးတီးကိုလည်း ဆန်းဒါးလန်း က ဂိုး မရှိ သရေ ကန်သွား ခဲ့ပါတယ်။

ဝီဂန် အသင်းကတော့ ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီး ကလည်း ဆွမ်းစီး စီးတီးကို အိမ်ကွင်းမှာ အသည်းအသန် ကစားပြီး ၁ - ၀ နဲ့ ကပ်နိုင်သွား ခဲ့ပါတယ်။

တခါ အာဆင်နယ် အသင်းကလည်း ထိုနည်းလည်းကောင်း ပါပဲ။ ရုန်းကန် နေရတဲ့ ကျူပီအာကို အိမ်ကွင်းမှာ ကစားခဲ့ပြီး ပွဲပြီးဖို့ ၆ မိနစ် အလိုမှာ အာတက်တာ သွင်းတဲ့ တလုံးတည်း သောဂိုးနဲ့ နိုင်သွားခဲ့ပါတယ်။ ဒီပွဲမှာ ကျူပီအာက တယောက် အထုတ်ခံခဲ့ရပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် နည်းပြ အာဆင်ဗင်းဂါးက အဆင့်ရှိတဲ့ ကျူပီအာနဲ့ ကန်ခဲ့ရတဲ့ ပွဲကောင်း တပွဲဖြစ်ကြောင်း၊ သူတို့ အသင်း ကစားတာ ကောင်းပေမယ့် ဒီပွဲမတိုင်ခင် ၂ ပွဲဆက် ရှုံးထားလို့ ယုံကြည်ချက်တော့ နည်းနည်း လျော့နေခဲ့တဲ့ အကြောင်း၊ ကျူပီအာဘက်က တယောက်ထွက်သွား အပြီးမှာကစားရတာ ပိုပြီး လွယ်ကူသွားခဲ့တဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

စနေနေ့မှာ ၆ ပွဲကန် ခဲ့ကြပြီး တနင်္ဂနွေ နေ့မှာတော့ ကျန်နေတဲ့ ၄ ပွဲကို ကန်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ ပွဲစဉ် တွေထဲက ပထမဆုံးပွဲကတော့ မာဆီဆိုဒ် ဒါဘီဆိုပြီး ဘောလုံး လောကမှာ နာမည်ကြီးတဲ့ အဲဗာတန်နဲ့ လစ်ဗာပူးလ်တို့ ရဲ့ပွဲပါ။ အဲဗာတန် ကွင်းမှာ ကန်ရတာ ဖြစ်သလို အခုတလော အဲဗာတန်ကလည်း ခြေစွာ နေတော့ လစ်ဗာပူး သိပ်အခြေအနေ မကောင်းဘူးလို့ မှန်းထား ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲစလို့ မိနစ် ၂၀ မပြည့်ခင်မှာတင် လစ်ဗာပူးလ်က ၂ ဂိုး နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဗာတန်က ဘိန်းစ် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိတဲ့ တလုံးနဲ့ ဆွာရက်စ်ကန်သွင်း သွားတဲ့ တလုံး ပါ။ ဒါပေမယ့် ဆွာရက်စ်က လစ်ဗာပူးလ် အတွက် သွင်းယူ အပြီး ၂ မိနစ်လောက် အကြာမှာပဲ အဲဗာတန်က အော့စမန်က ပြန်သွင်း၊ နောက် ပထမပိုင်း ၃၅ မိနစ်မှာ နေးစမစ်က နောက်တလုံးသွင်းလို့ ပထမပိုင်း အပြီးမှာ ၂ ဂိုးစီ သရေဖြစ်နေ ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတော့လည်း ၂ သင်းစလုံး ဂိုးတွေ သွင်းဖို့ အသည်း အသန် ကြိုးစား ကြပါတယ်။ ဒါပေမယ့် ဂိုးပေါက်ကို ကန်သာကန် မမှန်ခဲ့ကြတော့ ၂ သင်းစလုံး ဂိုးမရခဲ့ သလို ဒါဘီထုံးစံ အဝါတွေ ပလူပျံ ခဲ့တာသာ ရှိပြီး ပွဲက ၂ ဂိုးစီ သရေနဲ့ပဲ ပြီးသွား ခဲ့ပါတယ်။

တခါ နယူးကာဆယ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ကြတဲ့ နယူးကာဆယ် ယူနိုက်တက် နဲ့ ဝက်စ်ဘရောမ်း တို့ရဲ့ ပွဲမှာလည်း ၂ ဘက် အပြန်အလှန် ထိုးဖောက် ကစားပြီး ပွဲက ကြည့်ကောင်းခဲ့ပါတယ်။

နယူးကာဆယ်က ၃၅ မိနစ်မှာ ဒမ်ဘာဘားက စသွင်းနိုင်ခဲ့ပေမယ့် လူကာကူက ၅၅ မိနစ်မှာ ပြန်ချေခဲ့လို့ ၁ ဂိုးစီ သရေနဲ့ပြီး မလို ဖြစ်နေစဉ်မှာ ပွဲပြီးခါနီး မိနစ် ၉၀မှာ ဆီဆေက နယူးကာဆယ်အတွက် အနိုင်ဂိုးကို သွင်းသွား နိုင်ခဲ့လို့ နယူးကာဆယ် ၂ - ၁နဲ့ နိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ စပါးစ် တို့ပွဲမှာလည်း စပါးစ်က ပထမပိုင်းမှာထဲက ၂ ဂိုး သွင်းထား နိုင်ခဲ့ပြီး ဆောက်သမ်တန်က ဒုတိယပိုင်း ၆၆ မိနစ်မှာ တလုံး ပြန်ချေပေနိုင်ပေမယ့် လည်း ပွဲအပြီး စပါးစ်ကပဲ ၂ ဂိုး ၁ ဂိုး နဲ့ပဲ နိုင်သွားခဲ့ပါတယ်။

တနင်္ဂနွေ နေ့ရဲ့ နောက်ဆုံး ပွဲကတော့ ဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲပါ။

ဒီရာသီ အတွက် ချန်ပီယံ ဆုကို ချိန်နေကြတဲ့ အသင်းကြီး တွေ ဖြစ်လို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။

ချဲလ်ဆီးက ဒီနှစ်မှာ ခြေပေါ်နေပြီး မန်ယူက လိမ်ဖယ်ဖယ် ဖြစ်နေခဲ့လို့ အခုလို ချဲလ်ဆီးကွင်းမှာ သွားကန်ရင် မန်ယူ မလွယ်ဘူးလို့ထင်ခဲ့ကြ ပေမယ့် ပထမပိုင်း ၄ မိနစ်မှာ ချဲလ်ဆီး နောက်တန်းက ကိုယ့်ဂိုးကိုယ်ပြန်သွင်း၊ နောက် ၁၂ မိနစ်မှာ ဗန်ပါစီက တလုံး ထပ်သွင်းပြီး မန်ယူက ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၄၄ မိနစ်မှာ မာတာက ချဲလ်ဆီးအတွက် တလုံး ပြန်ချေ၊ နောက် ဒုတိယပိုင်း ၅၃ မိနစ်မှာ ရာမေးရပ်စ်က ပြန်ချေနိုင်လို့ ၂ ဂိုးစီ သရေ ဖြစ်သွားပါတယ်။ တဘက်နဲ့တဘက် အပြန်အလှန် ထိုးဖောက်ကစားရင်း ၆၃ မိနစ်မှာ မန်ယူက အက်ရှ်လေယန်းကို ချဲလ်ဆီး နောက်တန်းက အီဗန်နိုဗစ် မထိတထိ သွားချလို့ အနီနဲ့ ထွက်ရပါတယ်။

မန်ယူက ကလဲဗာလေ အစား ဟာနန်ဒက်စ်ကို သွင်းပြီး တိုက်စစ်ကို မြှင့်လိုက်ပါတယ်။ နောက် ၆၉ မိနစ် အရောက်မှာ ချဲလ်ဆီး က တောရက်စ် ၂ ဝါတနီနဲ့ ထွက်ရလို့ ချဲလ်ဆီး ၉ ယောက်ဖြစ်ပြီး ၆ မိနစ် အကြာ ၇၅ မိနစ်မှာ ခုနက လူစား ဝင်လာတဲ့ ဟာနန်ဒက်စ်က မန်ယူ အတွက် အနိုင်ဂိုးကို သွင်းယူ လိုက်နိုင်ပါတယ်။

အဲဒီနောက် ချဲလ်ဆီးလဲ ပြန်ချေဖို့ အသည်းအသန် လိုက်ကစား မန်ယူဘက်ကလည်း ဘောလုံးကို ထိန်းနိုင်သမျှထိန်းရင်း ထိုးဖောက် ကြပေမယ့် ဘယ်ဘက်ကမှ ထပ်မသွင်း နိုင်ပဲ ပွဲအပြီး မန်ချက်စတာ ယူနိုက်တက်က ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွား ခဲ့ပါတယ်။

ပွဲအပြီးမှာ မန်ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂတ်ဆင်ကတော့ ဒီကွင်းမှာ အနိုင်မရတာ ကြာပြီ ဖြစ်လို့ နိုင်သင့် နေပြီ ဖြစ်ကြောင်းနဲ့ ချဲလ်ဆီး တယောက်မလျော့ခင် ထဲက ချီချာရီတိုကို ထည့်ဖို့ ရည်ရွယ်ထား ခဲ့တဲ့ အကြောင်းနဲ့ သူ့ကို လူစားလဲ ခဲ့တာ မှန်သွား ခဲ့တဲ့ အကြောင်း တွေကို ပြောကြား ခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြ ဒီမတ်တီယိုကတော့ ဒိုင် ရဲ့ အဆုံးအဖြတ်တွေ မှားခဲ့လို့သာ သူတို့ ရှုံးခဲ့ရတာ ဖြစ်ကြောင်း ပထမဂိုးက ကံကောင်းလို့ ရသွားတာ၊ တောရက်စ်ကိုက မထုတ်သင့်ဘူး၊ တတိယ ဂိုးကလည်း လူကျွံနေတာ ဖြစ်တယ်လို့ ပြောသွား ခဲ့ပါတယ်။

လာမယ့် ၃၁ ရက် ဗုဒ္ဓဟူး နေ့မှာလည်း ချဲလ်ဆီးကွင်းမှာပဲ ချဲလ်ဆီး နဲ့ မန်ယူ ၂ သင်း လိဂ် ဖလား အတွက် ကန်ကြဦးမှာ ဖြစ်လို့ ဒီပွဲကလည်း ချဲလ်ဆီး အတွက်တော့ မကျေပွဲ ကောင်းကောင်း ဖြစ်လာ နိုင်သလို လာမယ့် နိုဝင်ဘာ ၃ ရက် စနေနေ့မှာလဲ မန်ယူကွင်းမှာ မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ကန်ကြဦးမှာ ဖြစ်လို့ ပွဲကြီးပွဲကောင်းတွေ ရှိနေတဲ့ အကြောင်း သတင်းကောင်း လေးပေးရင်း အားကစား သတင်းတွေကို ဒီမှာ အဆုံး သတ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။