
လန်ဒန်အိုလံပစ် ပိတ်ပွဲ အခမ်းအနား
၂၀၁၂ လန်ဒန် အိုလံပစ် အားကစား ပြိုင်ပွဲ ကြီးရဲ့ ပိတ်ပွဲ အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ကြပါတယ်။
အဲဒီ ပိတ်ပွဲ အခမ်းအနား ကြီးမှာ ဗြိတိသျှ လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ဖော်ကျူး ပြသခဲ့ကြပါတယ်။
နောက်ခံ အဖြစ် ဘောလုံးကွင်းကြီးကို ယူနီယံ ဂျက်အလံ ခြယ်သထားပြီး နာမည်ကြီး ဗြိတိသျှ ပေါ့ပ် တေးဂီတ တွေနဲ့ ဖျော်ဖြေ ခဲ့ကြပါတယ်။ အဲဒီ နာမည်ကြီး ပေါ့ပ် ဂီတ တေးသီချင်း တွေမှာ ဘီးတဲလ်စ် ၊ ကွီင်း နဲ့ ဘလား အဖွဲ့တွေက ကျော်ကြား တဲ့ သီချင်း တွေလည်း ပါဝင်ပါတယ်။
ယူဂန်ဒါ နိုင်ငံက မာရသွန် ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ စတီဗင် ကစ်ပရိုတစ်ချ်နဲ့ ဒုတိယ နဲ့ တတိယ ချိတ်ခဲ့တဲ့ ကင်ညာ အပြေးသမား တွေကို ဆုချီးမြှင့် တာကိုလည်း ကွင်းထဲမှာ ရှိတဲ့ ပြိုင်ပွဲဝင် နိုင်ငံ တွေက အားကစား သမား တွေက ကြည့်ရှု အားပေး ခဲ့ကြပါတယ်။
အဲဒီ အခမ်းအနား မှာ လာမယ့် ၂၀၁၆ အိုလံပစ် ပြိုင်ပွဲကို တောင်အမေရိက တိုက်က ပထမဆုံး အိမ်ရှင် အဖြစ် လက်ခံကျင်းပမယ့် ရီယိုဒီ ဂျနီရိုး မြို့ကို အိုလံပစ် အလံကို လွှဲပြောင်း ပေးအပ်တဲ့ အခမ်းအနား ကိုလည်း ထည့်သွင်းကျင်းပ ပါတယ်။
သတင်း နှစ်ပတ်ကြာ ကျင်းပခဲ့တဲ့ လန်ဒန် အိုလံပစ် ပြိုင်ပွဲကြီးမှာတော့ အမေရိကန် ပြည်ထောင်စုက ရွှေတံဆိပ် စုစုပေါင်း ၄၆ ခုနဲ့ ပထမနေရာကို ရရှိခဲ့ပါတယ်။ သူ့နောက်မှာ တရုတ်က ဒုတိယနဲ့ အိမ်ရှင် ဗြိတိန် နိုင်ငံတို့က တတိယ အသီးသီး ရရှိ ခဲ့ကြပါတယ်။
ဒီ ပြိုင်ပွဲကြီး ကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ကြတယ်လို့ ချီးမွမ်းသံတွေ ညံခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားကလည်း ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို ဖုန်းဆက်လို့ ဒီပြိုင်ပွဲကို စီစဉ် ကျင်းပခဲ့ပုံ တွေနဲ့ ပတ်သက်ပြီး ချီးမွမ်း ပြောကြား ခဲ့ပါတယ်။
















