BBC navigation

ယူရို ၂၀၁၂ ဖလား ဘောလုံးပွဲ စပိန် ဗိုလ်စွဲ

နောက်ဆုံး ရေးသားချိန် 2 ဇူလိုင်လ 2012 - 17:44 GMT

ဥရောပ ချန်ပီယံ ဗိုလ်လုပွဲ သမိုင်းမှာ ပထမ ဦးဆုံး အဖြစ် ဂိုးအများဆုံးနဲ့ နိုင်တဲ့ သမိုင်းဝင် အောင်ပွဲဖြစ်ပါတယ်

ယူရို ၂၀၁၂ ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ စိပိန်အသင်းဟာ အီတလီကို ၄ ဂိုးပြတ်နဲ့ နိုင်ပြီး ဥရောပ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ Kiev အိုလံပစ် အားကစား ကွင်းမှာ ကစားခဲ့တဲ့ ဒီနောက်ဆုံး ဗိုလ်လုပွဲကို အနိုင် ရရှိသွားတဲ့ စပိန်အသင်းဟာ အခုဆိုရင်၊ ယူရို ဖလားကို ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား တကြိမ်၊ စုစုပေါင်း သုံးကြိမ် ဆက်တိုက် ဗိုလ်စွဲခဲ့တာ ဖြစ်လို့ ကမ္ဘာ့ ဘောလုံး သမိုင်းမှာ သမိုင်းတင် ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။

ဥရောပ ချန်ပီယံ ဗိုလ်လုပွဲ သမိုင်းမှာ အခုလို စပိန်က ၄ ဂိုး ပြတ်နဲ့ နိုင်ခဲ့တာဟာ၊ ပထမဦးဆုံး ဂိုးအများဆုံးနဲ့ နိုင်တဲ့ သမိုင်းဝင် နိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲမှာ စပိန်အသင်း အတွက် ဘာစီလိုနား အလယ်တန်းလူ Andres Iniesta ဟာ အကောင်းဆုံး ခြေစွမ်းပြပြီး၊ ဂိုးသွင်းခွင့်တွေ ဖန်တီပေးနိုင်ခဲ့သလို၊ စပိန်အသင်းဟာ အချိတ်အဆက် မိမိနဲ့ အင်မတန် လျင်မြန် တဲ့နှုန်းနဲ့ အီတလီ နောက်တန်းကို တချိန်လုံး ထိုးဖေါက် နိုင်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ Kiev အိုလံပစ် အားကစားကွင်း မှာ နောက်ဆုံး ဗိုလ်လုပွဲကို ကစားခဲ့တာပါ

စပိန်အသင်းဟာ ကွင်းလယ် ကစားသမား ၆ ယောက် သုံးထားပြီး၊ ပြိုင်ဖက် ကွင်းလယ် ကစားသမားတွေကို အသာစီးရအောင် ကစားနိုင်ခဲ့ပြီး၊ ဘောလုံးကို တချိန်လုံး သူတို့ ခြေထဲမှာပဲ ရှိနေအောင် ထိန်းထား နိုင်ခဲ့ပါတယ်။

စပိန်အသင်းရဲ့ အခုနှစ် အားသာချက်ဟာ ဘာစီလိုးနား အသင်းက ကစားသမားတွေ အများစုပါဝင်ပြီး ကွင်းလယ်ကို ထိန်းချုပ်ထားနိုင်ကာ။ ကျိန်းသေပေါက် ဂိုးသွင်းနိုင်ရေးကို စိတ်အေးအေးနဲ့ ဖန်တီး နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

တဘက်မှာလည်း အီတလီအသင်းက ကွင်းလယ်ကို ၅ ယောက်ထားပြီး ကစားခဲ့ပေမယ်လို့ စပိန်ကို မထိုးဖေါက်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အီတလီ အသင်းက ရှေ့တန်း တိုက်စစ်မှူး Mario Balotelli ကတော့ စပိန်ရဲ့ ခံစစ်ကို ထိုးဖေါက်ဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ အီတလီရဲ့ ဘယ်ယာ တောင်ပံက စပိန်ဂိုးရှေ့ကို တင်ပို့တဲ့ ဘောလုံးတွေကို စပိန်အသင်းက ကောင်းကောင်း ဖျက်ထုတ်နိုင်ခဲ့တာ ကိုတွေ့ရပါတယ်။

ပွဲ ဒုတိယပိုင်းမှာ အီတလီ နောက်တန်းလူ Mata ဒဏ်ရာကြောင့် ပွဲပြင် ထွက်လိုက်ရတဲ့အခါ၊ အီတလီ အတွက် လူစား လဲဖို့ လူပြည့် သွားပြီ ဖြစ်လို့ ၁၀ ယောက်နဲ့သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။

စပိန်အသင်း အလယ်တန်းလူ Andres Iniesta ဟာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့

ဘီဘီစီ အားကစား အကဲခတ် အင်္ဂလန် ကပ္ပတိန်ဟောင်း Alan Shearer က လက်ရှိ စပိန်အသင်းဟာ ကမ္ဘာမှာ အကောင်းဆုံး အသင်းဖြစ်ပြီး၊ ကမ္ဘာ့ဖလား ရခဲ့တဲ့ ဘရားဇီး အသင်းထက်ကို ပိုပြီးတော့ ကောင်းတယ်လို မှတ်ချက်ပေးပါတယ်။

ဒီအတိုင်းဆိုရင် လာမယ့်နှစ်တွေမှာလည်း ဥရောပနဲ့ ကမ္ဘာ့ ဘောလုံး လောကကို စပိန်ကပဲ ဆက်ပြီးတော့ ကြီးစိုးထားမယ့်ပုံ ရှိနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။