နောက်ဆုံး ရေးသားချိန် 12 မေလ 2012 - 14:51 GMT

ဂရိသမ္မတ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်း

အဓိကပါတီကြီးတွေက ခေါင်းဆောင်တွေနဲ့ အစည်း အဝေးလုပ်ဖို့ သမ္မတက ဆင့်ခေါ်ထား

ဂရိနိုင်ငံ သမ္မတ ကာရောလော့စ် ပတ်ပူးလက်စ်ဟာ ရွေးကောက်ပွဲ ထပ်လုပ် ရမယ့် အခြေအနေ ကနေ ရှောင်ရှားနိုင်ရေး အတွက် အရေးပေါ် အစိုးရတရပ် ဖွဲ့ဖို့ကို စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ ဘယ်ပါတီ ကမှ မဲမပြတ် အသတ်နဲ့ အနိုင် မရခဲ့တဲ့အတွက် ဂရိနိုင်ငံမှာ ရွေးကောက်ပွဲ ပြန်ကျင်းပရမယ့် အခြေအနေ မျိုး ဖြစ်နေတာပါ။

မစ္စတာ ပတ်ပူးလက်စ်က အဓိက ပါတီကြီးတွေက ခေါင်းဆောင်တွေကို မနက်ဖြန် တနင်္ဂနွေနေ့မှာ အစည်းအဝေးလုပ်ဖို့ ဆင့်ခေါ်ထားပါတယ်။

အဓိက ပါတီသုံးခုအနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ကို မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အခုလို သမ္မတရဲ့ ကြားဝင်ဆောင်ရွက်မှုဟာ မဖြစ်မနေ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတရဲ့ အခုလို ကြိုးပမ်းမှုဟာလည်း အောင်မြင်နိုင်မယ့်ပုံ မရှိဘူးလို့ အေသင်မှာ ရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။ ကြာသပတေးနေ့ရောက်တဲ့ အထိ အစိုးရ မဖွဲ့နိုင်ရင်တော့ ရွေးကောက်ပွဲ ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ကြွေးမြီပြဿနာတွေ အတွက် ဥရောပ သမဂ္ဂရဲ့ ကယ်ဆယ်ရေး ကူညီငွေ ကိစ္စနဲ့ တင်းကျပ်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေ ချမှတ်ကျင့်သုံးရေးအပေါ် ဒေါသဖြစ်မှုတွေ၊ သဘော ကွဲလွဲမှုတွေ ဟာ ဂရိနိုင်ငံမှာ ဆက်လက်ပြီး နက်နက်ရှိုင်းရှိုင်း ရှိနေဆဲ ဖြစ်တယ်လို့ သတင်းထောက်က ပြောပါတယ်။

bbc.co.uk navigation

BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။