နောက်ဆုံး ရေးသားချိန် 4 မေလ 2012 - 00:58 GMT

ကချင်နယ်မြေတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာ

Kachin

နိုဝင်ဘာမှာ တကြိမ်၊ မတ်လမှာ တကြိမ် ဆွေးနွေးခဲ့ကြပေမယ့် မအောင်မြင်သေး

တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ် ဘက်မှာ လုံခြုံရေး အခြေအနေတွေ စိုးရိမ်ရတဲ့ အတွက် တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေ အဲဒီဒေသတွေမှာ သတိထား သွားလာ ကြဖို့ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေလည်း ပိုမို ပြင်းထန်လာပြီး ကျယ်ကျယ် ပြန့်ပြန် ဖြစ်နေတဲ့အကြောင်း KIO ကချင်လွတ်လပ်ရေး အဖွဲ့ ဘက်ကလည်း အတည်ပြု ပြောပါတယ်။

လိုင်ဇာရှိ KIO ဌာနချုပ်ကို မသိမ်းပါဘူးလို့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ရထားပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ဖော် ပြောခဲ့ပေမယ့် အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ပြင်ဆင် နေကြတယ်လို့ KIO တွဲဘက် အတွင်းရေးမှူး ဦးလနန်းက ပြောပါတယ်။

အစိုးရတပ်ဘက်ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက KIO ဌာနချုပ်ကို ဝင်တိုက်ဖို့ ကြိုးစားခဲ့ဘူးပြီး မအောင်မြင်ခဲ့ကြောင်း၊ အခုတခါမှာတော့ လမ်းကြောင်း သုံးခုကနေ ဖြန့်ကျက်ကာ လိုင်ဇာကို ပိတ်ဆို့ပြီး သိမ်းယူဖို့ ကြိုးစားနေကြောင်း သူက ဆိုပါတယ်။

ဒါကြောင့် KIA ဘက်ကလည်း တန်ပြန် တိုက်ခိုက်မှုတွေ လုပ်တဲ့အတွက် တိုက်ပွဲတွေက ပိုမို ပြင်းထန်လာတယ်လို့ ဦးလနန်းက ပြောပါတယ်။

ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ KIO အဆင့်မြင့် အရာရှိတွေ တရုတ်နိုင်ငံ ရွေလီမှာ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ခဲ့ပေမယ့် ခုချိန်ထိတော့ မအောင်မြင်သေးပါဘူး။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။