နောက်ဆုံး ရေးသားချိန် 22 ဧပြီလ 2012 - 02:27 GMT

ဗီယက်နမ် ရောဂါဆန်း အဖြေမသိသေး

Vietnam

အမည်မသိ ကူးစက်ရောဂါဆန်း

ဗီယက်နမ် နိုင်ငံမှာ ရောဂါဆန်း တမျိုး ဖြစ်ပွားတဲ့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ရဲ့ အကူအညီကို တောင်းခံမယ်လို့ ဆိုပါတယ်။ ရောဂါက အရေပြားပေါ်မှာ စတင်ဖြစ်ပွားတဲ့ ရောဂါပါ။ ဒါပေမဲ့ ဒီရောဂါကြောင့် သေဆုံးသူ ၁၉ ယောက်ရှိသွားပါပြီ။ ဗီယက်နမ်နိုင်ငံ ကွမ်နိုင် ပြည်နယ် တောင်ပေါ်ဒေသက နောက်ထပ်လူပေါင်း ၁၇၀ ကျော်မှာ ဒီရောဂါလက္ခဏာရှိနေတာ ကိုလည်း တွေ့ထားရပါတယ်။

ဒီရောဂါ စဖြစ်တာက မနှစ်က ဧပြီလ ဖြစ်ပြီး ဒီဇင်ဘာလလောက်မှာတော့ ရောဂါအရှိန်ကျဆင်း ငြိမ်သက် သွားခဲ့ပါတယ်။ အခုတခါ ဆင်းရဲတဲ့ ကွမ်နိုင်တောင်ပေါ်ဒေသမှာ ပြန်ပြီးပေါ်လာတာဖြစ်ပါတယ်။

ရောဂါရတဲ့သူရဲ့ ခြေလက်တွေပေါ်မှာ အနီစက်ကလေးတွေကို စပြီးတွေ့ရတတ်ပါတယ်။ ဒါကြောင့် အရေပြားရောဂါလို့ ယူဆကြပါတယ်။ ဒါပေမဲ့ အရေပြားပေါ်မှာတင် ပြီးမသွားဘဲ အသည်းနဲ့ တခြားကိုယ်တွင်းကလီစာတွေကို ဆက်ပြီး ထိခိုက်ပျက်စီးစေတဲ့ အတွက် အသက်ဆုံးရှုံးကြတာဖြစ်ပါတယ်။

ရူးကျေးရွာက ဖန်ဗန်ထရေးက ဘီဘီစီကို ပြောပြရာမှာတော့ရောဂါ မပြန့်ပွားဖို့အတွက် လူနာတွေကို ဘယ်မှ မသွားနိုင်အောင် ပိတ်ပင်ထားတဲ့ အကြောင်း၊ ရောဂါကဘာ့ကြောင့်ဖြစ်တယ်ဆိုတာ မသိရတော့ ဆုတောင်းရုံ ဘုရားရှိခိုးရုံပဲ တတ်နိုင်တဲ့ အကြောင်း ပြောသွားပါတယ်။

ဒုတိယ ကျန်းမာရေး ဝန်ကြီး ထန်လောင်းက သောကြာနေ့တုန်းက ပြောခဲ့ရာမှာတော့ ရောဂါရဲ့ ဇစ်မြစ်ကို သူတို့ မဖော်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဒါဟာ အရေပြားရောဂါသက်သက်ပဲ ဖြစ်မယ်ဆိုရင် ဘာ့ကြောင့် အသက်သေတဲ့အထိဖြစ်ရသလဲ၊ ဘာ့ကြောင့်ကိုယ်တွင်းကလီစာတွေ ပျက်စီးရသလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ပြောပါတယ်။

အခုလောလောဆယ် ဆယ်ဂဏန်းအရေအတွက်တချို့ရှိတဲ့ လူနာတွေကိုတော့ အနီးအနား ဘင်ဒင်းပြည်နယ်ထဲက အနာကြီးရောဂါကုဆေးရုံကို ပို့ပြီး ကုသပေးနေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ကို အကူအညီတောင်းမယ့် အပြင် အမေရိကန် ရောဂါထိန်းချုပ်ရေး ဌာနကိုလည်း ဆက်သွယ်ပြီး ရောဂါ မပြန့်ပွားအောင် တားဆီးနိုင်ဖို့ အကူအညီတောင်းမယ်လို့ ဆိုပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။