နောက်ဆုံး ရေးသားချိန် 12 ဧပြီလ 2012 - 16:45 GMT

မြန်မာ့စီးပွားရေး အလားအလာ ပိုကောင်းမယ်လို့ အေဒီဘီ ခန့်မှန်း

ADB အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံရဲ့ အခု လက်ရှိ ဘဏ္ဍာရေးနှစ် အတွက် စီးပွားရေးတိုးတက်မှုနှုန်းဟာ မူလ ၅ ဒသမ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း အထိရှိနိုင်ပြီး ၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာရေးနှစ်ကျရင် ၆ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ တိုးမြှင့် ခန့်မှန်းထားပါတယ်။

ဒီလိုတိုးမြှင့်သတ်မှတ်တာဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲလိုစိတ် ရှိမှုနဲ့ မက်ခရိုစီးပွားရေးတိုးတက်လာရေးအတွက် အထောက်အကူပြုမယ့် နိုင်ငံခြား ငွေလဲလှည်မှုကို တညီထည်းဖြစ်အောင် သတ်မှတ်ခဲ့တာ၊ အိမ်နီးချင်းအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လာမှုတွေ နောက်ပြီး ရေနံ ဓါတ်ငွေ့ ရောင်းချမှု ၊ ကမ္ဘာလှည့် ခရီးသည် တိုးလာမှု စတာတွေ အပေါ်အခြေခံတယ်လို့ အေဒီဘီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူလည်းဖြစ်တဲ့ Mr Craig Steffensen က ပြောပါတယ်။

အေဒီဘီအနေနဲ့ အခုအချိန်မှာတော့ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေက ဆက်ရှိနေသေးတဲ့အတွက် ဘာမှ အသေအချာ လုပ်မပေးနိုင်သေးပါဘူး။ ပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်းရင် ဘာတွေကို ဦးစားပေး ဆောင်ရွက်နိုင်မလဲဆိုတာ အစိုးရ၊ လူထုအခြေပြုအဖွဲ့အစည်း တွေ၊ ပညာရှင်တွေ ၊ကမ္ဘာဘဏ် ၊USAID၊ DEFID စတဲ့ အဖွဲ့အစည်တွေနဲ့ ဆွေးနွေးနေဆဲလို့ ပြောပါတယ်။

အေဒီဘီအာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အိုင်အမ်အက်ဖ် နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့တို့က ကျွမ်းကျင်သူ ပညာရှင် တွေဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့အောက်တိုဘာလလောက် ကတည်းက စပြီး လာရောက် ဆွေးနွေးမှုတွေလုပ်နေကြတာပါ။

အေဒီဘီအနေနဲ့ ကမ္ဘာ့ဘဏ်နဲ့အတူရန်ကုန်မြို့မှာရုံးတခု ဖွင့် ပြီးလုပ်ငန်းတွေ ထိရောက်အောင်လုပ်ကိုင်ဖို့အစီအစဉ်လည်းရှိထားပြီးသားလို့ အေဒီဘီ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူလည်းဖြစ်တဲ့ Mr Craig Steffensen က ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။