
ပြည်သူ့လွှတ်တော် ဥက္ကဌသူရဦးရွှေမန်း
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက် ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လာမယ့် ဘဏ္ဍာရေးနှစ်သစ် ၂၀၁၂-၂၀၁၃ ကစလို့ နိုင်ငံဝန်ထမ်းတွေကို လစာတိုးပေးဖို့ အဆိုတခုကို တင်သွင်းခဲ့ပါတယ်။
အဲဒီ အဆိုနဲ့ပတ်သက်လို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ကိုယ်စား ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ပြည်ထောင်စု စက်မှုဖွံဖြိုးတိုးတက်ရေး ဝန်ကြီးနဲ့ စီမံကိန်းဝန်ကြီးတွေ စေလွှတ်လို့ ရှင်းလင်းခဲ့ ပါတယ်။
လာမယ့် ဘဏ္ဍာရေးနှစ်သစ်မှာ စီးပွားရေးတိုးတက်မှု နှုန်း ၇ ရာခိုင်နှုန်းမှန်းထားပြီး ဘတ်ဂျတ်နဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး ဂျီဒီပီက ၄ ဒဿမ ၉ ရာခိုင်နှုန်း ရှိမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းခဲ့ပါတယ်။
ဒီတော့ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး အဆိုပြုခဲ့သလို လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံ့ဝန်ထမ်းတွေ လစာတိုးလိုက်ရင် အစိုးရသစ်လက်ထက် လက်ရှိနိုင်ငံ့ရဲ့ စီးပွားရေးအခြေအနေအရ တိုင်းပြည်ရဲ့ လာမယ့်နှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၇ ရာခိုင်နှုန်းလည်း ရတော့မှာ မဟုတ် သလို အဲဒီ လစာတိုး ဝန်ထမ်းတွေ အပါအဝင် ပြည်သူတွေရဲ့တဦးချင်းဝင်ငွေလည်း ကျဆင်းသွားမယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးက ပြောခဲ့ပါတယ်။
ဒီတော့ ပြည်ထောင်စုဝန်ကြီးသုံးဦးရဲ့ ရှင်းလင်းချက်တွေကို ချုပ်လိုက်ရင်တော့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး အဆိုကို လာမယ့် ဘဏ္ဍာရေးနှစ်မှာ မဆောင်ရွက်သေးဘဲ တနှစ်ကျော် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ အစိုးရဝန်ထမ်းတွေလစာတိုးပါလို့ ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းအရ အခုရှင်းလင်းချက်အပေါ် အဆိုရှင် ပြည်သူလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြန်ဆွေးနွေးပြီး လွှတ်တော်က အဆုံးအဖြတ်ပေးရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ဘယ်နေ့ပြန်ဆွေးနွေး ဆုံးဖြတ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

