
မလေးရှား မှ အလုပ်သမားများ
မလေးရှားမှာ တရားမဝင် အလုပ်လုပ်ကိုင် နေတဲ့ နိုင်ငံခြားသား အလုပ် သမားတွေကို ဖမ်းဆီး နေရာမှာ မြန်မာ နိုင်ငံသားတွေ အတော် များများ လည်း ဖမ်းဆီး ခံခဲ့ရ ပါတယ်။
စနေနေ့ ကစပြီး ကွာလာလမ်ပူ မြို့ထဲမှာ မလေးရှား ရဲတွေက ကားတွေနဲ့ ပိတ်ဆို့ ပြီးဖမ်းနေတဲ့ အတွက် တခြား နိုင်ငံခြားသား အလုပ်သမား တွေနဲ့ အတူ မြန်မာ နိုင်ငံသား များလည်း အများအပြား ဖမ်းဆီး ခံခဲ့ရ ပါတယ်။
မျက်မြင် မြန်မာ တဦးကတော့ ရထားဂိတ် နားမှာ ရဲတွေ အများကြီးက ဖမ်းနေကြ တာဖြစ်ပြီး မြန်မာ ၃၀၀ ကနေ ၄၀၀ လောက် တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။ အခုလို ဖမ်းနေတာကလဲ စီမံချက် အရ တရားမဝင် အလုပ်လုပ် နေတဲ့ သူတွေကို ဖမ်းတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့်လဲ ဖမ်းတဲ့ နေရာမှာ ယူအဲန် ကဒ် ကိုင်ထား သူတွေရာ၊ အလုပ်သမား လက်မှတ် ရှိတဲ့ လူတွေရောကို သိမ်းကျုံး ဖမ်းဆီးပြီး ရဲစခန်း ရောက်မှ တရားဝင် ကဒ် ကိုင်ဆောင် ထားသူတွေကို ပြန်လွှတ် ပေးတယ်လို့ လဲ ဆိုပါတယ်။
အခု လို ရဲတွေက စားသောက်ဆိုင် တွေနဲ့ စက်ရုံတွေကို ဝင်စီးပြီး ဖမ်းနေကြတဲ့ အတွက် မြန်မာတွေ အလုပ် မလုပ်ရဲကြ၊ အပြင်မထွက် ရဲကြဖြစ်နေကြ တယ်လို့လဲ အဲဒီက မြန်မာ အလုပ်သမား တွေရဲ့ အခြေအနေကို ပြောပြသွား ပါတယ်။
တရားဝင် လက်မှတ် မရှိတဲ့ အတွက် ဖမ်းဆီးခံ ခဲ့ရတဲ့ မြန်မာ နိုင်ငံသား တွေကိုတော့ ရဲစခန်းကို ပို့ပြီး ရဲစခန်းကနေ မြန်မာ နိုင်ငံကို ပြန်ပို့ မှာ ဖြစ်တယ်လို့ သိရပါတယ်။

