
တိဘက်ဒေသတွင်း မတည်ငြိမ်မှုတွေဟာ ၄ နှစ် အတွင်း အဆိုးဝါးဆုံး ဖြစ်ပွားနေပါတယ်
တရုတ်နိုင်ငံ တိဘက်ဒေသတွင်း တည်ငြိမ်မှု ရှိအောင် မဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် အဲဒီဒေသရဲ့ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲက အစိုးရ အရာရှိ ၆ ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အဲဒီအထဲက လေးဦးကတော့ နှစ်သစ်ကူး ပွဲတော်အတွင်းက သူတို့ရဲ့ တာဝန်တွေကို မထမ်းဆောင်ခဲ့လို့ ဆိုပြီး ထုတ်ပစ်လိုက်တာ ဖြစ်ကြောင်း အစိုးရ တရားဝင်ထုတ်ပြန်တဲ့ တိဘက်နေ့စဉ် သတင်းစာမှာ ဖေါ်ပြထား ပါတယ်။
တိဘက်လူမျိုးတွေ အများစုရှိကြတဲ့ ဒေသတွေမှာ ၄ နှစ်အတွင်း မတည်ငြိမ်မှုတွေ အဆိုး ဝါးဆုံး ဖြစ်ပွားနေတဲ့ အခုလိုအချိန်မှာ အစိုးရ အရာရှိတွေကို ရာထူးက ထုတ်ပယ်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
အိမ်နီးချင်း ဆီချွန်ပြည်နယ်မှာတော့ တိဘက်အမျိုးသားတဦးဟာ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဗုဒ္ဓဟူးနေ့က ကိုယ့်ကိုကိုယ်မီးရှို့ ဆန္ဒပြခဲ့တယ်လို့ အဝေးရောက် တိဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။
အခုလို မီးရှို့ဆန္ဒပြမှုတွေဟာ အခုတကြိမ်ပါနဲ့ဆို တနှစ်အတွင်း အခါ ၂၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။

