နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2012 - 01:14 GMT

ဆီးရီးယား ကိစ္စ ညွန့်ပေါင်းဖွဲ့ဖို့ တူရကီ အဆိုပြု

homs

ဆီးရီးယားက ဟုမ်းစမြို့ကို စစ်တပ်က အကြီး အကျယ် ထိုးစစ်ဆင်

ဆီးရီးယား အစိုးရကို အကြမ်းဖက်မှုတွေ ရပ်အောင် နိုင်ငံစုံ ပါတဲ့ အဖွဲ့ တဖွဲ့ဖွဲ့ပြီး အရေးဆိုဖို့ တူရကီက အဆိုပြုလိုက်ပါ တယ်။

ဒီအတော အတွင်းမှာဘဲ ဆီးရီးယား နိုင်ငံ ဟွမ်းစမြို့ကို အစိုးရက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ပဋိပက္ခ စတင်ချိန်ကနေ ခုထိ အဆိုးဆုံး ပစ်ခတ် တိုက်ခိုက်မှုတွေကို မနေ့က မြင်တွေ့ ခဲ့ရပါတယ်။

တင့်ကား လေးငါးစီးလောက်က တက္ကသိုလ် ဝင်းထဲမှာ နေရာ ယူထားပြီး အတိုက်အခံတွေ ရှိရာနေရာတွေကို မနက်ထဲက စလို့ တနေကုန် မနားတမ်း ပစ်ခတ်နေပါတယ်။

ဒါပေမယ့် ဆီးရီးယား စစ်တပ်ထဲက စစ်သားတွေရဲ စိတ်ဓာတ် ကျဆင်းလာနေတယ်လို့ မ ကြာခင်က သူပုန်တွေဘက်ကို ကူးပြောင်း ဝင်ရောက်လာတဲ့ ဗိုလ်မှုးကြီး အဆင့်ရှိသူ တယောက်က ပြောပါတယ်။

တပ်ထဲက စစ်သားတွေက သူတို့ဟာ အရပ်သားတွေကို ပြန်သတ်နေရတာကို စိတ်မချမ်း မသာ ဖြစ်နေပြီး တပ်က ထွက်ပြေးချင်သူတွေ အများကြီး ရှိနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြို့ထဲက လူတွေအတွက်ကတော့ ခုထိ သူတို့ကမှ လာမကူကြတဲ့ အတွက် စိတ်ပျက် အားငယ် ဖြစ်နေကြရုံက လွဲပြီး ဘာမှ မတတ်နိုင်ကြဘူးလို့ ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ ထားပါတယ်။

ဆီးရီးယား အစိုးရကို ပြစ်တင် ရှုံ့ချမယ့် ပြဌာန်း ဆုံးဖြတ်ချက်ကို လုံခြုံရေး ကောင်စီမှာ ရုရှ နဲ့ တရုတ်က ဗီတို သုံးခဲ့ပြီးနောက် ခုနောက်ဆုံး တူရကီက နိုင်ငံစုံ ပါတဲ့ ညွန့်ပေါင်း အဖွဲ့တခု ဖွဲ့ပြီး ဆီးရီးယား အစိုးရကို အရေးဆိုဖို့ အဆို ပြုလာပါတယ်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဟာ ခု သီတင်းပတ်ကုန်မှာ အမေရိကန်ကို သွားမှာ ဖြစ်ပြီး ဆီးရီးယားမှာ အရပ်သားတွေကို အကာအကွယ် ပေးဖို့ လိုလားတဲ့၊ စိတ်ဝင်စားတဲ့ နိုင်ငံတွေ စုဖို့ ပြောနေပါတယ်။

လုံခြုံရေး ကောင်စီက ဆီးရီးယား အရပ်သား တွေကို ကာကွယ်ဖို့ တာဝန် မယူနိုင်တော့ အရပ်သားတွေ ကာကွယ်ရေး ရည်ရွယ်ချက်ကို ရှေးရှုပြီး တခါ စုပြီး ဆွေးနွေးဖို့ လိုအပ် လာတယ်၊ ခုအတိုင်း ဘာမှ မလုပ်ပဲ ရပ်ကြည့်နေလို့ မရဘူးလို့ ပြောသွားပါတယ်။

ဆီးရီးယား အဆိုပြုချက်ကို အမေရိကန်က ကြိဆို လိုက်ပါတယ်။

ဒါပေမယ့် ဆီးရီးယားမှာ အရပ်သားတွေကို တိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့ အတွက် ရီပတ် ဗလစ်ကန် အမတ် တချို့က သမ္မတ အိုဘားမားကို ခုထက် ကြိုးစားဖို့ ပြောနေပါတယ်။

ဒါပေမယ့် ရုရှက ပြင်ပက စွက်ဖက်မှုတွေ မလုပ်ဖို့ သတိပေးထားတဲ့ အတွက် အိုဘားမား အနေနဲ့ ရေတိုမှာ ဘာမှ ဆက်လုပ်လို့ မရ ဖြစ်နေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

ရီပတ်ဗလစ်ကန် အမတ် ဂျွန်မက်ကိန်းက ဆီးရီးယား သူပုန်တွေကို လက်နက် တပ်ဆင်ပေးဖို့ ပြောလာပေမယ့် အမေရိကန် အစိုးရကတော့ ဒီလို လုပ်ဖို့ မစဉ်းစားသေးဘူးလို့ ပြောပါ တယ်။

ဆီးရီးယား ပဋိပက္ခ စတင်ချိန်ကနေ ခုထိ သေဆုံးသူ ငါးထောင်ကျော်ထိ ရှိသွားပါပြီ။

ဒါပေမယ့်လည်း အရှေ့ အလယ်ပိုင်းက နိုင်ငံတွေနဲ့ အမေရိကန် အစိုးရ အတွက် စစ်ရေး အရ ဝင်ရောက် စွက်ဖက်ဖို့ကို စဉ်းစားလာရတဲ့ အဆင့်ထိတော့ မရောက်သေးဘူးလို့ ဘီဘီစီ သတင်း ထောက်က ဒီစီကနေ သတင်း ပေးပို့ ထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။