
ဒါမျိုး ရုရှမှာ အဖြစ်မခံဘူးလို့ ပြည်ပ စွက်ဖက်မှုတွေကို သတိပေး
ရုရှ သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံတကာ အရေးမှာ သွေးထွက်သံယို ဖြစ်ရပ်တွေ ကြီးထွား လာနေတယ်၊ ဒါမျိုး ရုရှမှာ အဖြစ်မခံဘူးလို့ လို့ ဆီးရီးယား အရေး ပြည်ပ စွက်ဖက်မှုတွေကို သတိပေး လိုက်ပါတယ်။
အရင်ပတ်က ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာနဲ့ ပယ်ချပြီး ဆီးရီးယား အရေး နိုင်ငံတကာ ကြိုးပမ်းမှုကို ပျက်ပြားအောင် လုပ်လို့ ရုရှကို ဝေဖန်နေကြပါတယ်။
ဟွမ်းစ်မြို့မှာတော့ ဒီကနေ့ မနက်မှာ ဆီးရီးယား အစိုးရတပ်တွေက ၅ ရက်အတွင်း အဆိုးဝါးဆုံး ဗုံးကြဲ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းက မြို့ကို လျစ်လျူရှု ထားတယ် ဆိုပြီး မြို့သူ မြို့သားတွေကြား စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်လို့ တိုက်ခိုက်မှုကို ကိုယ်တွေ့ ကြုံနေတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
ကနေ့ လူ ၄၀ လောက် သေဆုံးတယ်လို့ နိုင်ငံရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
မြို့ထဲမှာလည်း လျှပ်စစ် ဖြတ်တောက်ခံ နေရပြီး ဒါကြောင့် ဆေးရုံတွေမှာ လမစေ့တဲ့ မွေးကင်းစ ကလေးတွေ အတော်များများ သေဆုံးနေကြတယ်လို့ အတိုက်အခံတွေက ပြောပါတယ်။
တူရကီ အစိုးရက ဆီးရီးယား အပစ်အခတ်တွေ ရပ်စဲဖို့ သံတမန် နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပြီး တူရကီ ကြီးကြပ်မှုနဲ့ ဆီးရီးယား အရေး နိုင်ငံတကာ စည်းဝေးပွဲ လုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။

