
ဆီးရီးယား စစ်တပ်က ဟွမ်းစ်မြို့ လူထူထပ်ရာကို တနေ့လုံး ပစ်ခတ်
ဆီးရီးယား စစ်တပ်က ဗုံးဆံ မော်တာ ကျည်ဆံတွေနဲ့ ဟွမ်းစ်မြို့ လူထူထပ်ရာ ဒေသတွေပေါ် တနေ့လုံး ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။
အုံကြွမှုတွေ ဖြစ်ပြီး တနှစ်လောက် အကြာမှာ အဆိုးဆုံးဖြစ်တဲ့ ပစ်ခတ်မှုပဲလို့ ဟွမ်းစ်မြို့ ခံတွေက ပြောကြောင်း ဒေသခံ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
အရပ်သားတွေ အများဆုံး သေကြပြီး နိုင်ငံတကာက သူတို့ကို ပစ်ထားသလို မြို့လူထုက ခံစားရတယ်လို့လည်း သူက ဆိုပါတယ်။
ဒမတ်စကပ်က အမေရိကန်သံရုံးကို ပိတ်လိုက်ပြီ ဖြစ်ပါတယ်။
တိုက်ခိုက် ခံရမှာ စိုးရိမ် နေရပြီး ဆီးရီးယား အစိုးရ ဆီကလည်း ဘာမှ တုံ့ပြန်မှု ကောင်းကောင်း မရဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဆိုပါတယ်။
တချိန်ထဲမှာပဲ ဆီးရီးယား အစိုးရပေါ် သံတမန် ဖိအားတွေလည်း တိုးလာနေပါတယ်။
သမ္မတ အာဆတ်ကို ထောက်ခံနေတဲ့ ဆီးရီးယား မဟာမိတ်တွေ ဘက်လိုက် မှားနေပြီလို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဝေဖန်လိုက် ပါတယ်။
ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ် ကတော့ သမ္မတ အာဆတ်ဟာ လူသတ် အစိုးရကို ဦးဆောင်နေတယ်လို့ ဆိုပါတယ်။
ရုရှနဲ့ တရုတ်က ကုလသမဂ္ဂမှာ ဆီးရီးယားအရေး ဆုံးဖြတ်ချက် အပေါ် ဗီတိုအာဏာသုံး ပယ်ချခဲ့ တာကိုလည်း သစ္စာမဲ့မှုအဖြစ် မစ္စတာ ဟိတ်က စွပ်စွဲခဲ့ပါတယ်။
ဒမတ်စကပ်ကို အင်္ဂါနေ့ သွားမယ့် ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လဗ်ဗရော့ဗ် ကတော့ ဒီစကားက ဒေါသတကြီး ပြောတာပါပဲလို့ တုံ့ပြန်လိုက်ပါတယ်။

