နောက်ဆုံး ရေးသားချိန် 6 ဖေဖေါ်ဝါရီလ 2012 - 15:06 GMT

သေနတ်ပေးပြီး ကျည်ဆံမပေးတဲ့ ဥပဒေတွေ

တောင်သူလယ်သမား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂနဲ့ ကျောင်းသား သမဂ္ဂ အစရှိတဲ့ အသင်းအပင်းတွေ ဖွဲ့စည်းဖို့အတွက်မှာ ဥပဒေတချို့ကို လွှတ်တော်က သတ်မှတ်ပြဌာန်းပြီး ဖြစ်ပေမယ့် နည်းဥပဒေတွေ ထုတ်ပြန်ဖို့ ချန်ထားတာကြောင့် အကောင် အထည် ဖော်ဖို့ ထိရောက်မှု မရှိ ဖြစ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ခေါင်းဆောင်တဦးက ထုတ်ပြောလိုက် ပါတယ်။

U Tin Oo

သေနတ်ပေးပြီး ကျည်ဆံမပေးတဲ့ ဥပဒေတွေလို့ ဝေဖန်လိုက်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး

စစ်သားစကားနဲ့ ပြောရရင် သေနတ်ပေးပြီး ကျည်ဆံမပေးသလို ဖြစ်နေတယ်လို့ နည်းဥပဒေတွေ သွက်သွက် မထုတ်တာနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ သဘာပတိအဖွဲ့ နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ဖို့အတွက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ပူးပေါင်း လုပ်ကိုင်ထားတဲ့ ဥပဒေတွေ ရှိပေမယ့်လို့ နည်းဥပဒေတွေ ထုတ်ပြန်ဖို့ ကျန်နေပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃၊ သောကြာနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တာကိုတော့ ဦးတင်ဦးက ကြိုဆိုခဲ့ ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေနဲ့ NLD က နိုင်ငံရေး အကျဉ်းသားတွေ တော်တော် များများ ပါလာပေမယ့် ၃၀၀ ကျော် ၄၀၀ လောက် ကျန်နေသေးတောကြောင့် NLD အနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကို နိုင်ငံရေး အကျဉ်းသားစာရင်း ဆက်လက် တင်ပြလို့ ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေးဘက်ကို ပါတီ စည်းရုံးရေး ခရီးထွက်ဖို့ အခုလ ၄ ရက်နဲ့ ၅ ရက်တွေမှာ ကြိုတင် စီစဉ် ထားခဲ့ပေမယ့် နေရာ မရ ဖြစ်ခဲ့တာကိုတော့ အံ့သြမိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက ပြောပါတယ်။

တိုးတက်တာတချို့ ရှိခဲ့တယ်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ကြား အလုပ်ဖြစ်တဲ့ ဆွေးနွေးမှုတွေ ရှိပေမယ်လို့ အခုလို နိုင်ငံရေး သမားတဦးက ပြည်သူတွေ နဲ့တွေဖို့၊ နိုင်ငံရေး စကားပြောဖို့ နေရာ မရတာကတော့ သူ အံ့သြတယ်လို့ ဦးတင်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။