နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2012 - 03:31 GMT

အီဂျစ်မှာ ရဲနဲ့ ဆန္ဒပြသူ ထိပ်တိုက်တွေ့

ရဲနဲ့ ထိပ်တိုက် ရင်ဆိုင်မှုအတွင်း ဆန္ဒပြသူ ရာနဲ့ချီ ဒဏ်ရာရခဲ့

အီဂျစ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ဘောလုံးပွဲ အပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း ဘောလုံးဝါသနာအိုး ၇၄ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ လူထုအကြား အမျက်ဒေါသတွေ တိုးပွားလာနေချိန်မှာပဲ ကိုင်ရိုမြို့တော်မှာ ရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက် တွေ့ခဲ့ကြ ပါတယ်။

တာဟီယာ ရင်ပြင်မှာ ဆန္ဒပြသူ အများအပြား ပြည်ထဲရေး ဌာနကို ဝင်စီးဖို့ ကြိုးပမ်းခဲ့ကြ ပေမယ့် မျက်ရည်ယိုဗုံး တွေ၊ ရာဘာကျည်ဆံ တွေကြောင့် ရှေ့မတိုးနိုင်ပဲ ဖြစ်ခဲ့ရပြီး လူနာတင်ယာဉ်တွေနဲ့ လူနာတွေ အဆက်မပြတ် တင်ဆောင်သွားနေတာကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆန္ဒပြသူ ရာပေါင်းများစွာ ဒဏ်ရာရခဲ့ကြပါတယ်။

Port Said မြို့ ဘောလုံးကစားရုံမှာ ဖြစ်ခဲ့တဲ့ သေဆုံးမှုတွေဟာ စစ်တပ်ရဲ့ လက်ချက် ဖြစ်တယ်ဆိုပြီး ဆန္ဒပြသူတွေက ပြစ်တင် ပြောဆိုနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကိုင်ရိုမြို့တော်ကနေ လာကြတဲ့ AL Ahli ဘောလုံး ဝါသနာအိုးတွေဟာ သမ္မတ မူဘာရက် ပြုတ်ကျစေခဲ့တဲ့ ဆူပူအုံကြွမှုတွေမှာ အထင်ကရ ပါဝင်လှုပ်ရှားခဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ကို တမင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ယူဆနေကြပါတယ်။

ဒါဟာ အရင် အစိုးရကလူတွေ လုပ်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ AL Ahli ဘောလုံးအသင်း ဌာနချုပ်အပြင်ဖက်မှာ လာရောက်စုရုံးခဲ့ကြသူတွေထဲက ဘောလုံး ဝါသနာအိုးတဦးက ဘီဘီစီကို အခုလို ပြောပြပါတယ်။

အဲဒီလူတွေဟာ အီဂျစ်နိုင်ငံမှာ တော်လှန်ရေးကြီး အောင်မြင်တာကို မလိုလားဘူးလို့လည်း AL Ahli ဘောလုံး ဝါသနာအိုးက ပြောသွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။