
အဲဒီဆေး လက်ဝယ်ရှိထားသူတွေ ပြန်အပ်နှံဖို့ ညွှန်ကြားထား
ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့မှာ အန္တရာယ် ဖြစ်စေတဲ့ ပစ္စည်းတွေ မှားပါသွားတဲ့ နှလုံး ရောဂါ ဆေးတမျိုးကို သောက်မိပြီး သေဆုံးခဲ့သူပေါင်း အခုအခါ ၁၀၀ ကျော် သွားပြီလို့ သိရပါတယ်။
နောက်ထပ် လူ၂၅၀ လောက်လည်း ဆေးရုံတင် ထားရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အဲဒီဆေးတွေကို ဆင်းရဲသား နှလုံးရောဂါသည် တွေအတွက် အခမဲ့ ဝေငှ ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်ကစပြီး လူလေးသောင်း နီးပါးလောက်ကို အဲဒီဆေးတွေ ဝေပေးကောင်း ဝေပေးခဲ့ပုံ ရှိတယ်လို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက သတိပေးထားပါတယ်။
အဲဒီဆေး နမူနာကို စမ်းသပ် စစ်ဆေးဖို့ ပါကစ္စတန်၊ လန်ဒန်နဲ့ ပဲရစ်မြို့တွေဆီ ပို့ထားပြီး ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီလို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
ဒေသခံ ဆေးဆိုင် ၃ခုက ပိုင်ရှင်တွေကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

