
တိဘက် ဘာသာရေး ယဉ်ကျေးမှုတွေကို ဖိနှိပ် ခံနေရတယ်ဆိုပြီး မကြေနပ်မှုတွေရှိ
တိဘက် နယ်စပ်ဒေသ ဖြစ်တဲ့ ဇီချွမ် ပြည်နယ်မှာ ရဲနဲ့ ဆန္ဒပြသူတွေ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် လူတယောက် သေဆုံးကြောင်း တရုတ် အစိုးရ သတင်း ဌာန ရှင်ဟွာက ဖော်ပြခဲ့ပါတယ်။
အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်ချက် အပေါ်မှာ တိဘက်အရေး လှုပ်ရှားသူတွေ ဘက်ကတော့ ကန့်ကွက် ငြင်းခုန်မှုတွေ ရှိပါတယ်။
Free Tibet ဆိုတဲ့ တိဘက် အရေး လှုပ်ရှားသူ အဖွဲ့ရဲ့ အဆိုအရ လုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒ ပြသူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ တယ်လို့ ဆိုကြပါတယ်။
ဆန္ဒပြသူတွေဟာ ဘာသာရေး ဖိနှိပ်မှုကို ကန့်ကွက် ဆန္ဒပြ ကြတာလည်း ဖြစ်ပါတယ်။
အခုတော့ အဲဒီမြို့ကို ကာဖြူးမိန့် ထုတ်ပြန်ထားတဲ့အတွက် လူတွေဟာ အိမ်ပြင် မထွက်ရဲကြ ပါဘူး။
အိမ်ပြင်ထွက်ရင် သေနတ်နဲ့ အပစ်ခံရမလားဆိုပြီး စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီနယ်မြေမှာ လုံခြုံရေး တင်းကြပ်ထားပြီး သတင်းထောက်တွေ ဝင်ရောက်ဖို့ မဖြစ်နိုင်တဲ့ အတွက် သီးခြား လွတ်လပ်တဲ့ အတည်ပြုချက် မျိုးတော့ မရယူနိုင်ပါဘူး။
ဒါပေမဲ့ ဒီထိပ်တိုက်တွေ့ဆုံမှုဟာ တိဘက်မှာ မငြိမ်မသက်ဖြစ်နေတာကို ဖော်ပြနေတဲ့ သက်သေလို့တော့ ဆိုနိုင်ပါတယ်။
တနင်းလာနေ့တုန်းကလည်း ဇီချွမ်ဒေသမှာ တခြား ဆန္ဒပြသူတယောက် သေဆုံးခဲ့ပါ သေးတယ်။
ပဋိပက္ခ ဖြစ်ပွားမှုမှာ ဒဏ်ရာရခဲ့သူ အယောက်သုံးဆယ်လောက်လည်း ဘုန်းကြီးကျောင်း တကျောင်းထဲမှာ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အရင်နှစ် မတ်လကနေ ဒီနေ့ထိ ကာလအတွင်းမှာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့သူပေါင်း ၁၆ ယောက်ရှိပါပြီ။
အဲဒီ ၁၆ ယောက်ထဲက ၄ ယောက်ကတော့ ဒီဘက် ဇန်နဝါရီလထဲမှာ ဖြစ်ပါတယ်။
တရုတ် အာဏာပိုင်တွေက တိဘက်ယဉ်ကျေးမှု၊ တိဘက် အစဉ်အလာတွေကို ဖိနှိပ် ချိုးနှိမ် နေလို့ အခုလို့ ဆန္ဒပြကြတာလို့ တိဘက် တွေက ဆိုကြပါတယ်။
အာဏာပိုင်တွေဘက် ကတော့ အစိုးရကို ဖိအားပေးဖို့ အတွက် ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ နေတာကို ခွင့်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

