
ရှမ်းပြည်နယ် တီကျစ် ဒေသက မြို့ဦးစေတီ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တီကျစ်ဒေသတွင်းရှိ ရှမ်းတိုင်းရင်းသားများရဲ့ ဒုတိယအကြိမ် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲကို နို၀င်ဘာလ ၂၅ရက်နဲ့ ၂၆ရက်နေ့တွင် တီကျစ်မြို့၊ မြို့ဦးစေတီ၊ တီကျစ် ကျောက်မီးသွေး သတ္တုတွင်း ကပ်လျှက် အနောက် တောင်ကုန်းပေါ်တွင် ရိုးရာ နှစ်သစ်ကူးပွဲ အပါအ၀င် မြို့ဦးစေတီကိုလည်း အနေကဇာတင် ပူဇော်တဲ့ အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ ကြပါတယ်။
အဲဒီပွဲမှာ ဒေသခံ ရှမ်းတိုင်းရင်းသားများ တက်ရောက်လာခဲ့ ကြပြီး ပင်လောင်း မြို့နယ် တွင်းရှိ ရှမ်းတိုင်းရင်းသားတွေဟာ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို သုံးနေရာခွဲပြီး ကျင်းပသည်ဟုလည်း သိရပါသည်။
ရှမ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ပင်လောင်းမြို့ပေါ်၊ ရေဖြူကျေးရွာနှင့် တီကျစ် မြို့တို့ နေရာသုံးခုမှာခွဲပြီး ကျင်းပခဲ့ကြပါတယ်။
ဘာကြောင့် အခုလို သုံးနေရာခွဲပြီး ကျင်းပရတာလည်းလို့ ဒေသခံ တိုင်းရင်းသား များကို မေးကြည့်တော့ နေရာထိုင်ခင်းနှင့် အစားအသောက် ခက်ခဲမှုကြောင့် နေရာခွဲပြီး ကျင်းပကြောင်း တစ်နေရာတည်း လုပ်မယ်ဆိုရင်လည်း ရပေမယ့် နေရာထိုင်ခင်းတွေ အကျွေးအမွေးတွေ မပေးနိုင်ဘူး လို့ ပွဲတော် ကျင်းပရေး ကော်မတီ ကဆိုတယ်။

ရှမ်းမောင်မယ်တို့ အကအလှဖြင့် ဖျော်ဖြေ
ပွဲတော် ကျင်းပတဲ့ နေ့မှာ ထူးခြားတာက တီကျစ် ဒေသတွင်းရှိ ရှမ်းလူမျိုး နေထိုင်သည့် ကျေးရွာများ၏ နေအိမ်ရှေ့တွင် ရှမ်းအလံ တိုင်များ လွှင့်ထူ ထားကြသည်ကိုလည်း တွေ့ရှိကြရပါတယ်။
ဒေသခံ အာဏာပိုင်များကိုတော့ အကြောင်း ကြားပြီး ဖြစ်တာကြောင့် လွှတ်လပ်စွာ ကျင်းပနိုင်တယ်လို့လည်း ပွဲကျင်းပရေး ကော်မတီကဆိုပါတယ်။
ဒေသတွင်းရှိ ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေး အတွက် ရှမ်းတွေ နေထိုင်သည့် ရွာများ၌ ဆန်နှင့် ငွေအချို့ အလှူခံ လှည့်ရသည်ဟု ဆိုပါတယ်။
ပွဲတော် အစီအစဉ် အရ တီကျစ်ဒေသ တွင်းရှိ ရှမ်းတိုင်းရင်းသား၊ အင်းလေးဒေသ ရှမ်းတိုင်းရင်းသား၊ဖိတ်ကြားထားသည့် ပအိုဝ့် တိုင်ရင်းသား နှင့် တောင်ရိုး တိုင်းရင်းသား အက အဖွဲ့များဖြင့် တင်ဆက် သွားကြသည်ဟုသိရပါသည်။

ရှမ်းနှစ်သစ်ကူး ပွဲတော် တီကျစ်မှာ နွှဲပျော်
ရှမ်းလူမျိုးတို့၏ နှစ်သစ်ကူးနေ့သည် နတ်တော်လဆန်း ၁ရက်နေ့ဖြစ်ပြီး ရှမ်းတိုင်းရင်းသား တို့၏ စာဆိုတော်နေ့၊ ကောက်သစ်ဆွမ်းဦးပွဲနေ့လည်း ဖြစ်သည်ဟုလည်းသိရပါသည်။
ဆောင်းပါးနဲ့ ဓါတ်ပုံများကို ခွန်စိုင်း က ကူညီသည်။

