
ဆီးရီးယား စစ်တပ် လက်ဘနွန် နယ်ထဲ ဝင်ပစ်သတ်
ဆီးရီးယား တပ်ဖွဲ့တွေဟာ လက်ဘနွန် ဖက်ကို ဝင်ပြီး နယ်စပ်မှာ နေထိုင်နေတဲ့ ဆီးရီးယား အမျိုးသား တယောက်ကို ပစ်ခတ် သတ်ဖြတ် ခဲ့တယ်လို့ လက်ဘနွန် အာဏာပိုင် တွေက ပြောပါတယ်။
ဘီခါ့ဒေသ အရှေ့ပိုင်းမှာ လက်ဘနွန် အမျိုးသမီး တယောက်နဲ့အိမ်ထောင်ကျပြီး နေထိုင်နေတဲ့ ဒီ အမျိုးသားကို ပစ်သတ်ခဲ့ပေမယ့် ဘာကြောင့် သတ်တာလဲ ဆိုတာကို ဆီးရီးယား အစိုးရဖက်က အကြောင်းပြချက် မပေးခဲ့ဘူးလို့ ဆိုပါတယ်။
အခု သီတင်းပတ် အစောပိုင်း တုန်းက ဆီးရီးယား တပ်တွေက တင့်ကားတွေနဲ့ ဒီဒေသထဲကို ထိုးဖောက် ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးတဲ့နောက် ဒီအမျိုးသားကို ပစ်သတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီလို တိုက်ခိုက်ရာမှာ လယ်သမားတွေနဲ့ သူတို့အိမ်ရာတွေလည်း ဖျက်ဆီး ခံရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်လို့ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ လက်ဘနွန် ဝန်ကြီးချုပ် Najib Miqati က ပြောပါတယ်။

