နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2011 - 22:27 GMT

ငြိမ်းချမ်းရေး အကောင်အထည် ဖော်မယ့်သူ လုပ်ကြံခံရ

ငြိမ်းချမ်းရေး ဆွေးနွေးမှု မဖြစ်ခင် သေဆုံးရတဲ့ Burhanuddin Rabbani

အာဖဂန် နစ္စတန်မှာ တာလီဘန်တွေနဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်အောင် ဦးဆောင် အကောင်အထည် ဖော်နေတဲ့ Burhanuddin Rabbani ဟာ ငြိမ်းချမ်းရေး သံတမန် အယောင် ဆောင်ထားတဲ့ အသေခံ ဗုံးခွဲသမားရဲ့ ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် သေဆုံး သွားပါတယ်။

တာလီဘန် အဖွဲ့ဝင် နှစ်ယောက်နဲ့ အစည်းအဝေး ပြုလုပ်နေတုန်း တိုက်ခိုက် ခံရလို့ ကာဘူးမြို့က သူ့နေအိမ်မှာ မစ္စတာ ရာဘန်နီ ကွယ်လွန် သွားခဲ့ပြီး သူဟာ အာဖဂန် နစ္စတန်ရဲ့ သမ္မတ ဟောင်း တဦးလည်း ဖြစ်ပါတယ်။

တာလီဘန် နှစ်ယောက်ထဲက တယောက်ဟာ ခေါင်းပေါင်းထဲမှာ ဗုံးတလုံး ဖွက်သယ်လာပြီး မစ္စတာ ရာဘန်နီနဲ့ နှုတ်ဆက်ချိန်မှာ ဖောက်ခွဲလိုက်တာ ဖြစ်ကြောင်း ရဲက ပြောပါတယ်။

ဒီဖောက်ခွဲ တိုက်ခိုက်မှုကြောင့် သမ္မတ ဟာမစ် ခါဇိုင်းရဲ့ ထိပ်တန်း အကြံပေး တယောက်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။

အမေရိကန်ကို ခရီးထွက် သွားတဲ့ သမ္မတ ခါဇိုင်းဟာ ဒီဖြစ်ရပ်ကြောင့် ခရီးကို အတိုချုန်းပြီး အာဖဂန်ကို ပြန်လာခဲ့ကြောင်း သိရပါတယ်။

ဆိုဗီယက်တွေကို ဦးဆောင် တိုက်ထုတ်ခဲ့တဲ့ Burhanuddin Rabbani

မစ္စတာ ရာဘန်နီဟာ အာဖဂန်က မူဂျာဟစ်ဒင် အဖွဲ့ ထူထောင်သူ ဖြစ်ပြီး မူဂျာဟစ်ဒင်တွေ ဆိုတာ ၁၉၈ဝ နှစ်တွေ တုန်းက ဆိုဗီယက်ကို တိုက်ထုတ် နိုင်ခဲ့ကြတဲ့ အစ္စလာမ် တိုက်ခိုက်ရေး သမားတွေ ဖြစ်ပါတယ်။

မစ္စတာ ရာဘန်နီ သေဆုံးရတာဟာ အကြီးအကျယ် ဆုံးရှုံးမှု တရပ်ဘဲလို့ အမေရိကန် သမ္မတ အိုဘားမားနဲ့ အာဖဂန် နစ္စတန် သမ္မတ Hamid Karzai တို့က ပြောကြားလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ အာဖဂန် နစ္စတန်က ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို ရပ်တန့်သွားစေမှာ မဟုတ်ဘူးလို့ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ဖို့ ရောက်နေတဲ့ သမ္မတ နှစ်ယောက်ဟာ အတူတကွ ရပ်တည် ပြောသွားခဲ့ပါတယ်။

နေတိုး တပ်ဖွဲ့ အကြီးအကဲ Anders Fogh Rasmussen ကတော့ မစ္စတာ ရာဘာနီကို သတ်ဖြတ်တဲ့ သူတွေဟာ ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ မစ္စတာ ခါဇိုင်းဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောမယ် လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။