နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2011 - 00:57 GMT

လစ်ဗျားကို ဒဏ်ခပ် ပိတ်ဆို့မှု ကုလ ရုပ်သိမ်း

UN

ကုလသမဂ္ဂက လစ်ဗျား အရေး သတင်းစာ ရှင်းလင်းပွဲ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက လစ်ဗျား နိုင်ငံကို ပိတ်ဆို့ထားတဲ့ ဒဏ်ခပ် ပိတ်ဆို့မှု တချို့ကို ရုပ်သိမ်း ပေးလိုက်ပြီး လက်ရှိ ယာယီ အစိုးရကို ကူညီ ထောက်ပံ့ဖို့ ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ တဖွဲ့ ဖွဲ့ဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။

လစ်ဗျားက အဓိက ရေနံ ကုမ္ပဏီကြီး နှစ်ခုရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားမှုကို ရုပ်သိမ်း ပေးလိုက်ပြီး လစ်ဗျားကို ခရီးသည်တင် လေယဉ် ပျံသန်းမှု ပိတ်ပင်ထားတာကိုလည်း အဆုံးသတ်ပေး လိုက်ပါတယ်။

လစ်ဗျား အသွင် ကူးပြောင်းရေး ကောင်စီကို ကုလသမဂ္ဂမှာ နေရာ ပေးဖို့ အထွေထွေ ညီလာခံမှာ မဲခွဲခဲ့ပြီး နာရီပိုင်း အကြာမှာ ခုပြဌာန်း ဆုံးဖြတ်ချက်ကို ကန့်ကွက်သူ မရှိ ချမှတ် နိုင်ခဲ့ပါတယ်။

လစ်ဗျားမှာ အရပ်သားတွေကို ကာကွယ်ဖို့ စစ်အင်အား အသုံးပြုဖို့ လုံခြုံရေး ကောင်စီက ခွင့်ပြုချက် ပေးလိုက်ပြီး ခြောက်လ အကြာမှာ ခု ပြဌာန်း ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီကို သစ္စာ စောင့်သိသူတွေရဲ့ ခြေကုတ် စခန်းတွေ ထဲက နှစ်ခုကို မနေ့က တိုက်ရာမှာ ကဒါဖီ တပ်တွေက မနေ့က တနေ့လုံး အပြင်းအထန် ခုခံခဲ့ပါတယ်။

ဘာနီဝါလစ်ဆိုတဲ့ မြို့မှာ ကဒါဖီ ဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားတွေကို ဒုံးကျည်တွေ၊ မော်တာ စိန်ပြောင်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ကဒါဖီရဲ့ ဇာတိ ဖြစ်တဲ့ ဆာရက်မြို့ကို သိမ်းနိုင်ဖို့ ကဒါဖီ ဆန့်ကျင်ရေး တပ်တွေက ကြိုးစား ရာမှာ နှစ်ဘက် အပြင်းအထန် ပစ်ခတ်ခဲ့ကြပါတယ်။

ဆာရက် လေဆိပ်မှာလည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ သတင်းတွေ ရရှိပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ မြို့တွေထဲမှာ အစားအစာ၊ ရေနဲ့ လျှပ်စစ်မီး မရတဲ့အတွက် အထဲမှာ ပိတ်မိ နေတယ်လို့ ယုံကြည်ရတဲ့ ထောင်နဲ့ချီတဲ့ အရပ်သားတွေ အတွက် စိုးရိမ်မှုတွေ ကြီးထွား လာနေပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။