နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2011 - 00:57 GMT

ဆီးရီးယားမှာ အတိုက်အခံ ကိုယ်စားပြု အမျိုးသား ကောင်စီ ဖွဲ့ပြီ

ခြောက်လ ကြာပြီ ဖြစ်တဲ့ လူထု ဆန္ဒပြမှုတွေ မရပ်သေး

ဆီးရီးယားမှာ အတိုက်အခံတွေကို ကိုယ်စားပြုတဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသား ကောင်စီတရပ်ကို ဖွဲ့စည်းလိုက်ပြီလို့ သမ္မတ Bashar Assad ဘတ်ရှားအယ်လ် အာဆက်ဒ်ကို ဆန့်ကျင် လှုပ်ရှား နေသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲတွေ စတင် ဖြစ်ခဲ့တာ ခြောက်လ တိတိ ရှိပြီ ဖြစ်တဲ့ အခုလို အချိန်မှာ အစည်းအဝေး တရပ်ကို တူရကီမှာ ကျင်းပပြီး ဆီးရီးယား အမျိုးသား ကောင်စီ ဖွဲ့လိုက်ပြီး ဖြစ်ပါတယ်။

ဒီကောင်စီမှာ ပါဝင် ဆောင်ရွက်ဖို့ လူအယောက် ၁၄ဝ အမည်ကို တင်သွင်းခဲ့ကြပြီး အဲဒီထဲက တဝက်လောက်ဟာ ဆီးရီးယား နိုင်ငံထဲမှာ နေထိုင် နေကြသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ အကြမ်းမဖက်တဲ့ မူဝါဒကို အဓိက ကိုင်စွဲသွားတယ်လို့ စီစဉ်ကြီးကြပ်သူတွေက ပြောပါတယ်။

ဒါပေမယ့် အတိုက်အခံ အဖွဲ့တွေထဲမှာ ပွင့်ပွင့်လင်းလင်း သဘောကွဲမှုတွေ တွေ့ရပြီး အဖွဲ့တခု က ဆိုရင် အစိုးရကို လက်နက်ကိုင် တိုက်ဖို့ လိုအပ်တယ်လို့ ပြောကြောင်း ဘီဘီစီ သတင်း တယောက်က ဆိုပါတယ်။

အမေရိကန် နိုင်ငံသားတွေ ဆီးရီးယားက နိုင်ငံတွင်းကနေ ထွက်ခွာလို့ ရနေချိန်မှာ အမြန်ဆုံး ထွက်ခွာကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နောက်တခါထပ် သတိပေးလိုက်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ တွေကို ဆီးရီးယား အစိုးရက အကြမ်းဖက် နှိမ်နင်း နေတာဟာ တိုင်းပြည်ကို မတည်မငြိမ်နဲ့ မသေချာ မရေရာမှုတွေ ဖြစ်စေတယ်လို့ အမေရိကန်က ဆိုပါတယ်။

ဒီနေ့ သောကြာနေ့မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်နိုင်တယ် ဆိုပြီး ဆီးရီးယားမှာ အာဏာပိုင်တွေ ကတော့ လုံခြုံရေး အတွက် ပြင်ဆင်နေပါတယ်။

ဆီးရီးယားမှာ ဆန္ဒပြမှုတွေ ဖြစ်နေတာ ခြောက်လ ရှိပါပြီ ၊ ဆန္ဒပြသူတွေ အကြမ်းဖက် နှိမ်နင်းတာ ရပ်ဖို့ ကျွန်တော် သမ္မတ အာဆက်ဒ်ကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးလို့ မစ္စတာ အာဆက်ဒ် ကလည်း ကတိတွေ အကုန်လုံး ပေးခဲ့ပေမယ့် အခုတော့ သူပေးခဲ့ ကတိတွေကို ချိုးဖောက် နေတယ် ၊ ဒါတွေကို ရပ်တန်းက ရပ်သင့်နေပြီလို့ မစ္စတာ ဘန်ကီးမွန်းက သတိပေးစကား ပြောသွားပါတယ်။

လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက စဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေ အတွင်း အတိုက်အခံ တက်ကြွ လှုပ်ရှားသူ နှစ်ထောင် ခြောက်ရာကျော် သေဆုံးခဲ့ ရတယ်လို့ ကုလသမဂ္ဂ စာရင်း ဇယားတွေက ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။