နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2011 - 15:32 GMT

လစ်ဗျားသူပုန်တွေ ဘန်နီဝါလိမြို့ကို ဝင်ပြီ

Bani Walid မြို့ကနေ မီးခိုးလုံးတွေကို တွေ့နေရပြီး ပေါက်ကွဲသံတွေလည်း ကြားနေရ

လစ်ဗျားနိုင်ငံမှာ ဗိုလ်မှူးကြီး ကဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက Sirte မြို့နဲ့ Bani Walid မြို့တွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်နေပါပြီ။

ဒီတိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ Sirte မြို့နဲ့ Bani Walid မြို့တွေဟာ ဗိုလ်မှူးကြီး ကဒါဖီကို သစ္စာ စောင့်သိသူတွေ ကြံ့ကြံ့ခံ တိုက်နေတဲ့ နောက်ဆုံး မြို့တွေ ဖြစ်တာမို့ အဆုံးအဖြတ် ပေးနိုင်မယ့် အဆင့်ကို ရောက်လာပြီလို့ ထရစ်ပိုလီမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Ian Pannell က ပြောပါတယ်။

ဒါပေမဲ့လည်း အဲဒီမြို့တွေမှာ နေနေကြဆဲ ဖြစ်တဲ့ မြို့ခံ သောင်းပေါင်းများစွာအတွက် စိုးရိမ် မကင်းဖြစ်မှုတွေ တိုးပွားလာနေတယ်လို့ ဆိုပါတယ်။

အဲဒီမြို့ခံလူထုဟာ အစားအစာ၊ သောက်သုံးရေနဲ့ လျှပ်စစ်မီးတွေကို အကန့်အသတ်နဲ့ သုံးစွဲ နေရတာ သီတင်းပတ်နဲ့ ချီနေပြီ ဖြစ်ပါတယ်။

အလ္လာရှင်မြတ် အလိုရှိရင် Bani Walid မြို့ထဲ အရောက်ဝင်နိုင်ပြီး သောကြာနေ့ ဘုရား ဝတ်ပြုမှုတွေ လုပ်နိုင်ပါလိမ့်မယ်။

NTC တပ်ဖွဲ့မှူးတဦး

NTC အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေ Bani Walid မြို့ထဲ ဝင်နိုင်ဖို့ ထိုးစစ်ဆင်နေသလို Sirte မြို့နားကိုလည်း ထရပ်ကားတွေ၊ တင့်ကားတွေ ချဉ်းကပ်သွားနေပြီ ဖြစ်ပါတယ်။

Bani Walid မြို့ထဲကို ဦးတည် သွားတဲ့ ချိုင့်ဝှမ်း တခုကိုတော့ NTC အမျိုးသား အသွင်ကူး ပြောင်းရေး ကောင်စီ ကို ထောက်ခံတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက သောကြာနေ့မှာ သိမ်းပိုက်လိုက်ပြီး ဖြစ်ပါတယ်။

ကဒါဖီ တပ်ဖွဲ့တွေဟာ အခုအခါ တပ်ဆုတ်သွားပြီ ဖြစ်ပြီး NTC တပ်ဖွဲ့တွေ Bani Walid မြို့ရဲ့ အချက်အချာကျတဲ့ နေရာဆီ ရှေ့တိုးချီတက်နေတယ်လို့ ပြောပါတယ်။

ဗိုလ်မှူးကြီးကဒါဖီကို သစ္စာ စောင့်သိသူတွေ မြို့ထဲ ကနေ ပြန်ပြီး ကြံ့ကြံ့ခံခုခံနေ

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ NTC လက်နက်ကိုင် တပ်ဖွဲ့တွေက သူတို့ သီတင်းပတ် အတန်ကြာ ဝိုင်းထားတဲ့ Bani Walid မြို့ကို သိမ်းပိုက်နိုင်ဖို့ နာရီပိုင်းပဲ လိုတော့တယ် လို့ ပြောခဲ့ပေမဲ့ ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ခုခံ တိုက်ခိုက်မှုတွေ ကြောင့် ပြန်ဆုတ်ခဲ့ရပါတယ်။

အခုအခါ ဗိုလ်မှူးကြီး ကဒါဖီရဲ့ သား ဆေ့ဖ်အယ်လ် အစ္စလမ်ရဲ့ ကားမောင်းသူကို ဖမ်းမိထားတယ်လို့ စစ်ဆေးရေးဂိတ်မှာရှိတဲ့ NTC တပ်ဖွဲ့ဝင်တွေက ပြောတယ်လို့ Bani Walid မြို့ အပြင်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် Peter Biles က ပြောပါတယ်။

Bani Walid မြို့ကနေ မီးခိုးလုံးတွေ ပေါက်ကွဲသံတွေ ကြားခဲ့ တွေ့ခဲ့ရပြီး ဒဏ်ရာရသူတွေကို တင်ဆောင်လာတဲ့ သူနာပြုယာဉ်တွေ Bani Walid မြို့ထဲကနေ ထွက်လာတာကိုလည်း တွေ့ရတယ်လို့ သူက ပြောသွားကြောင်းပါ။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။