
အီးယူအနေနဲ့ ပိုမိုစုစည်း ညီညွတ်မှသာ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်
ယူရိုငွေကြေး သုံးစွဲတဲ့နိုင်ငံတွေက ကြွေးမြီ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုရင် တော့ အလွန်တရာ ဆိုးဝါးတဲ့ အကျိုးဆက် တွေ ဖြစ်လိမ့်မယ်လို့ ဥရောပကော်မရှင် ဥက္ကဌ ဂျိုဆေး မန်နျူရယ် ဘာရိုဆိုက သတိပေး ပြောကြားလိုက်ပါတယ်။
ဥရောပက လက်ရှိ မျိုးဆက်တွေ လက်ထက် မှာတော့ အခုကိစ္စဟာ အကြီးမားဆုံးသော အကျပ်အတည်းကြီး ဖြစ်တယ်လို့ သူက ဖေါ်ပြ ပြောဆိုပါတယ်။
နောက်ပြီး ဥရောပသမဂ္ဂအနေနဲ့ ပိုမို စုစည်းညီညွတ်မှဟာ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင် မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ယူရိုငွေသုံးနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ဘွန်း စာချုပ်တွေအတွက် အစီအစဉ်ကို မစ္စတာ ဘာရိုဆိုက တင်ပြမယ်လို့ဆိုပါတယ်။
ဒါဟာ မဖြေရှင်းနိုင်လောက်အောင် ကြွေးမီအကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ဂရိနိုင်ငံလို နိုင်ငံတွေအတွက် ငွေးချေးစရိတ် လျှော့ချပေးမယ့်ပုံမျိုးဖြစ်ပါတယ်။ ဂျာမဏီဝန်ကြီးချုပ် ကတော့ ဒီအကြံအစဉ်ကို ဆန့်ကျင်ပါတယ်။
ပြင်သစ်ဘဏ်ကြီးနှစ်ခု credit အဆင့် လျော့ကျ

မိုဒီအေဂျင်ဆီက ဘဏ်ကြီး ၂ ခုရဲ့ credit အဆင့်ကို လျော့ချသတ်မှတ်လိုက်တာဖြစ်
အခုလို ယူရိုငွေ သုံးစွဲတဲ့ နိုင်ငံတွေမှာ ကြွေးမြီ အကျပ်အတည်း အကြီးအကျယ် ဖြစ်ဖို့ အလားအလာရှိနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွားလာနေတာ ကြောင့် ပြင်သစ်နိုင်ငံက အကြီးဆုံး ဘဏ်ကြီး ၂ ခုရဲ့ credit ratings ငွေချေးယူနိုင်တဲ့ အဆင့်ဟာ လျော့ကျသွားခဲ့ ပါတယ်။
ပြင်သစ်က Societe General ဘဏ်ကြီးနဲ့ Credit Agricole ဘဏ် ၂ ခုရဲ့ ငွေချေးယူနိုင်တဲ့ အဆင့်ကို credit ratings သတ်မှတ်ပေးတဲ့ မိုဒီ အေဂျင်ဆီက လျှော့ချ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဂရိ၊ အီတလီနဲ့ စပိန်နိုင်ငံတို့မှာ အကြွေးတွေ ဘယ်လောက် ရှိတယ် ဆိုတာကို ဒီဘဏ်ကြီး ၂ ခုကနေ ဖွင့်ချ လိုက်တဲ့ အတွက် စိုးရိမ်မှုတွေ ရှိလာတာကြောင့် ဖြစ်ပါတယ်။
ဂျာမဏီ ပြင်သစ်နဲ့ ဂရိနိုင်ငံတို့ဟာ ဒီအကျပ်အတည်းကီစ္စကို ဆွေးနွေဖို့အတွက် ဒီကနေ့ နှောင်းပိုင်းမှာ အစည်းဝေးထိုင်ကြမှာ ဖြစ်ပါတယ်။
ဂရိနိုင်ငံဟာ ပေးရန်ရှိအကြွေးတွေကို ပြန်ဆပ်ဖို့ ပျက်ကွက်တော့ မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း ဘဏ္ဍာရေး စျေးကွက် မတည် မငြိမ်ဖြစ်ကာ ကသောင်းကနင်းဖြစ်မှုတွေ တိုးပွားလာနေတာ ဖြစ်ပါတယ်။
ကိုယ့်တာဝန် ကိုယ်ယူဖို့ တရုတ်ပြော

တရုတ်ဝန်ကြီးချုပ်ကတော့ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ပြောပါတယ်
စီးပွားရေး အင်အားကောင်းတဲ့ နိုင်ငံတွေအနေနဲ့ ကိုယ့်ရဲ့ကြွေးမြီ ပြဿနာတွေကို ကိုယ်တွယ် ဖြေရှင်းဖို့ ကိုယ့်ဘာသာကိုယ် တာဝန်ယူ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က ပြောကြား လိုက်ပါတယ်။
ဒါပေမယ့် မစ္စတာဝမ်က တရုတ် နိုင်ငံအနေနဲ့ ကတော့ အဲဒီနိုင်ငံတွေမှာ ရင်နှီးမြှုပ်နှံမှုတွေ ပိုလုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက ဘဏ္ဍာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးပွားလာနေ လင့်ကစား မစ္စတာဝမ် ရဲ့ ယုံကြည်မှုရှိရှိ ပြောကြားခဲ့တဲ့ စကားကတော့ ကမ္ဘာ့စီးပွားရေးဟာ တဖြည်းဖြည်းချင်း ပြန်ဦးမော့လာ နေပြီ ဆိုတာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံခြားငွေ အရန်ထားရှိမှု အများဆုံးရှိတဲ့ နိုင်ငံဖြစ်တယ်။

