
စစ်တပ် အကြီးအကဲ Field Marshall Tantawi နဲ့ ဗြိတိန် ဝန်ကြီးချုပ် အတူတွဲ တွေ့ရပုံ
အီဂျစ်နိုင်ငံမှာ ရာထူးက နှုတ်ထွက်သွားရတဲ့ သမ္မတဟောင်း မူဘာရက်ရဲ့ အမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၁ရက်နေ့ ကျရင် လက်ရှိ စစ်တပ် အကြီးအကဲ Field Marshall Tantawi က တံခါးပိတ် တရားခွင်မှာ အစစ်ခံမယ်လို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ တရားသူကြီးက ပြောပါတယ်။
မစ္စတာ တန်တာဝီ အစစ်ခံမယ့် ကိစ္စဟာ တရားလို ရှေ့နေတွေရဲ့ အဓိက တောင်းဆိုမှု ဖြစ်ပါတယ်။
မူဘာရက် လက်ထက်နဲ့ အခု လက်ရှိ အစိုးရ အဖွဲ့ နှစ်ခု စလုံးမှာ ပါဝင်ခဲ့တဲ့ တခြား ထိပ်ပိုင်း အကြီးအကဲတွေလည်း လာမယ့် သီတင်းပတ်မှာ တံခါးပိတ် တရားခွင်မှာ အစစ်ခံမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တရားခွင်မှာ တရားလို သက်သေ ဖြစ်တဲ့ ထိပ်တန်း ရဲ အရာရှိ တယောက်ဟာ တရားခံဖက်က လိုက်ပြီး အထောက်အထား ပေးခဲ့တာကြောင့် အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

