နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2011 - 17:26 GMT

ဒေလီမြို့ ဗုံးကွဲမှု လူ ၁၀ ဦးထက်မနည်း သေဆုံး

ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ ပြီး လူ ၄၇ ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ဗုဒ္ဓဟူးနေ့ မနက်က ဗုံးပေါက်ကွဲမှု တခုအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူ ၄၇ ဦး ဒဏ်ရာ ရ သွားပါတယ်။

ရှေ့နေတွေ အမှုသည်တွေနဲ့ ပြည့်ကျပ် နေတဲ့ ဒေလီမြို့လယ်က အထက်တရားရုံးတခုရဲ့ အပြင်ဖက်မှာ ဒေသ စံတော်ချိန် မနက် ၁၀နာရီကျော်လောက်မှာ အခုလို ဗုံးကွဲခဲ့တာပါ။

အစောပိုင်း သတင်းတွေအရတော့ ဖေါက်ခွဲ ပစ္စည်းတွေကို လက်ဆွဲအိတ်တခုထဲ ဖွက်ထည့်ပြီး တရားရုံး အဝင်ဝမှာ ထားခဲ့တာပါ။ ဒဏ်ရာရသူ အများစုဟာ တရားရုံး အပြင်ဘက်မှာ တန်းစီနေကြသူတွေ ဖြစ်ပါတယ်။

ဒါဟာ တစ်လအတွင်း ဒုတိယမြောက် ဗုံးကွဲမှု လို့ ဆိုရမှာပါ။ ဇူလိုင်လတုန်းက မွန်ဘိုင်းမြို့ မှာ ဆက်တိုက် ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေအတွင်းကလည်း လူ၂၀ သေဆုံးခဲ့ပါတယ်။

အခု ဒီလုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh က ရှုတ်ချ ပြောဆို လိုက်ပါတယ်။

ဒေလီမြို့ဟာ အကြမ်းဖက် အုပ်စုတွေရဲ့ ပစ်မှတ်ထားရာ မြို့ဖြစ်ကြောင်း၊ အခုလို ပါလီမန် ကျင်းပနေတဲ့ အချိန်မျိုးမှာ ဒေလီမြို့မှာ လုံခြုံရေး အထူး အသင့်အနေအထား ထားပြီး ထောက်လှမ်းရေး အဖွဲ့တွေနဲ့ ဒေလီရဲတပ်ဖွဲ့အကြားမှာ သတင်း အချက်အလက်တွေ မပြတ် ဖလှယ် နေကြကြောင်း၊ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေလောက်ကစပြီး ဒေလီ ရဲတပ်ဖွဲ့ ပိုတောင့်တင်း ခိုင်မာလာအောင် ဆောင်ရွက်မှု အတော်များများ လုပ်ခဲ့ကြောင်း၊ ဒီလို လုပ်နေတဲ့ကြားက ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီး ဒီကနေ့ ဖြစ်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး P Chidambaram က ပါလီမန်မှာ ပြောသွားပါတယ်။

ဒီပေါက်ကွဲမှုဟာ ဘယ်အုပ်စုရဲ့ လက်ချက်လဲ ဆိုတာ အတိအကျ ပြောဖို့ အချိန် စောလွန်းနေ သေးတယ်လို့ အိန္ဒိယ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အခင်းဖြစ်ပွားရာ နေရာကနေ အရေးပါတဲ့ မှုခင်း သဲလွန်စတွေ ရထားပြီလို့ ယူဆရပြီး စုံစမ်း စစ်ဆေးမှုမှာ အထောက်အကူ ဖြစ်နိုင်ဖွယ် ရှိပါတယ်။

ဒီအတောအတွင်းမှာပဲ ပါကစ္စတန်နိုင်ငံ အခြေစိုက် Huji လို့ အများသိကြတဲ့ Harkat- ul - Jihad Islami လက်နက်ကိုင် အုပ်စုက ပေးပို့လာတယ်ဆိုတဲ့ email ထဲမှာ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ခဲ့တာလို့ ပြောထားပြီး လွန်ခဲ့တဲ့ ၁၀နှစ်လောက် က ဒေလီမြို့ ပါလီမန်ကို တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ပတ်သက်ခဲ့မှုနဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ Afzal Guru ကို ကြိုးပေး ကွပ်မျက်တာမျိုး မလုပ်ဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီemail နဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက် မရသေးပေမယ့် အိန္ဒိယ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ ဒါကို အလေးအနက်ထား စောင့်ကြည့်လေ့လာနေတယ်လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။