နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2011 - 17:12 GMT

အိန္ဒိယဝန်ကြီးချုပ် ဘင်္ဂလားဒေ့ရှ် ရောက်ရှိ

သူ့ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် သမိုင်းမှတ်တိုင် တခု ဖြစ်ပါတယ်

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ အင်္ဂါနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာ တရားဝင် အလည်အပတ် ခရီးစဉ် အဖြစ် စတင် ရောက်ရှိလာပါပြီ။

၁၂ နှစ်အတွင်းမှာ အိန္ဒိယဝန်ကြီးချုပ်တဦး ဘင်္ဂလားဒေ့ရှ်ကို ပထမဆုံးလာရောက်တဲ့ ခရီးစဉ်ဖြစ်လို့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက် အရေးပါတဲ့ မှတ်တိုင်တခု လို့ ရှုမြင်နေကြချိန်မှာ တဘက်မှာလည်း သိမ်မွေ့ ပြီး အရေးပါတဲ့ နောက်ခံအကြောင်းတွေ ရှိနေ ပါတယ်။

အပေါ်ယံအနေနဲ့ကြည့်ရင်တော့ ဒီခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား နှစ်ရှည်လများ အဖုအထစ်တွေ ဖြစ်စေခဲ့တဲ့ပြဿနာ တွေကိုဖြေရှင်းနိုင်လိမ့်မယ်။ ကုန်သွယ်ရေးတွေလည်း သိသိသာသာ တိုးမြှင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ကြားမှာ အဓိက ဖြေရှင်းဖို့ ရှိနေတဲ့ ပြဿနာတွေထဲမှာ အန္ဒိယ အရှေ့မြောက်ပြည်နယ်က ခွဲထွက်ရေးသူပုန်တွေ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေ တတ်တဲ့ကိစ္စ၊ နှစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ Teesta မြစ်ရေကို ခွဲဝေသုံးစွဲရေး ကိစ္စတွေဟာ အဓိကကျပါတယ်။

အိန္ဒိယသူပုန်တွေအရေးနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် ဖက်က လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်း မှာ သူပုန်တွေကိုအုပ်စုလိုက် ဖမ်းပြီးအိန္ဒိယဖက်ကို ပို့ပေး ခဲ့တာမျိုးတွေ ဆောင်ရွက်ပေးခဲ့တာ ရှိသလို၊ Teesta မြစ်ရေခွဲဝေသုံးစွဲရေး နဲ့ ပတ်သက်တဲ့သဘော တူညီချက်ကိုလည်း အခု မာမိုဟန်ဆင်းရဲ့ ခရီးစဉ်အတွင်းမှာ သဘောတူ လက်မှတ်ထိုးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ဖက်က မျှော်လင့်နေပါတယ်။

ဒါပေမယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးမှာ အိန္ဒိယအစိုးရက ဝန်ကြီးချုပ် ရှိက်ဟာဆီးနာ ခေါင်းဆောင်တဲ့ လက်ရှိအာဏာရ ပါတီကို မျက်နှာသာပေးဆက်ဆံ နေပြီး အခုအခါ အတိုက်အခံဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP ကိုတော့ ပါကစ္စတန်နဲ့ နီးစပ်လို့ဆိုပြီး အမြင် မကြည်လင်ဘူးဆိုတဲ့ ယူဆသုံးသပ်ချက်တွေ ရှိနေပါတယ်။

ဒီတော့ တနေ့မှာ BNP သာပြန်အာဏာရလာရင် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်ဆိုးသွားနိုင် တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။

ဒီနှစ်နိုင်ငံဆက်ဆံရေးမှာ မြန်မာနဲ့ ပတ်သက်တဲ့ အပိုင်းကတော့ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး မြန်မာနဲ့ တရုတ်နိုင်ငံတွေဆီကို ဆက်သွယ်နိုင်မယ့် လမ်းကြောင်းကို လိုချင်နေပါ တယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ဒီလမ်းကြောင်းကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်သာမကဘဲ နီပေါနဲ့ ဘူတန်တို့လို တခြားဒေသ တွင်းနိုင်ငံတွေပါ အကျိုးရှိလိမ့်မယ်လို့ ဆိုနေပြီး အတိုက်အခံ BNP ကတော့ သူ့နိုင်ငံထဲကို ကြိုက်သလို ဖြတ်သန်းခွင့်ပြုမယ်ဆိုရင် အချုပ်အခြာအာဏာ ကို ထိပါးရာရောက်တယ်လို့ဆိုပြီး ကန့်ကွက်နေပါတယ်။

လက်ရှိအစိုးရကို ဝေဖန်သူတွေက ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယအတွက် အကျိုးရှိမယ့်ကိစ္စတွေ ကို လိုက်လျောလွန်းတယ်လို့ ဆိုကြသလို တဖက်မှာလည်း ရေပြင်၊ မြေပြင်နယ်နိမိတ်တွေ သတ်မှတ်နိုင်ရေးနဲ့ မြစ်ရေခွဲဝေသုံးစွဲရေးလို ကိစ္စတွေမှာ အိန္ဒိယရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မရှိမဖြစ်လိုအပ်တယ် ဆိုတာကို သဘောပေါက်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအဖို့ကတော့ မာမိုဟန်ဆင်း လာရောက်တဲ့ ခရီးစဉ်အတွင်း Teesta မြစ်ရေခွဲဝေသုံးစွဲရေးကိစ္စအပါအဝင် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးနိုင်ဖို့ အတော်အရေးကြီးနေပါတယ်။

ဒါပေမယ့်ဒီကိစ္စမှာအဓိကကျတဲ့ အနောက် ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် ဟာ ရှိတ်ဟာဆီနာနဲ့အတူ အိန္ဒိယဝန်ကြီးချုပ်ကိုတွေ့ဖို့ အစီအစဉ်ကိုဖျက်လိုက်တာမို့ မြစ်ရေ သဘောတူညီချက်ကို လက်မှတ်ထိုးနိုင်ဖို့ မရေမရာဖြစ်နေပါတယ်။

အိန္ဒိယဘက်က ကြည့်မယ်ဆိုရင်တော့ ဒေသတွင်းတရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပိုရင်းရင်းနှီးနှီးဆက်ဆံလာတဲ့ပုံရှိပါတယ်။ ဒါပေမယ့် ဒီဆက်ဆံရေး ဘယ်လောက် အဓွန့်ရှည်မလဲ ဆိုတာကတော့၊ အိန္ဒိယဟာ အာဏာရပါတီတခုထဲကိုဘဲ ပုံအောပြီး ဆက်ဆံရေး ထူထောင် မှာလားဆိုတဲ့ အချက်ပေါ်မှာ မူတည်လိမ့်မယ်လို့ သုံးသပ် ရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။