
The International Committee of the Red Cross
နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ အိုင်စီအာစီ ကိုယ်စားလှယ် အဖွဲ့ကို ဆီးရီးယား အာဏာပိုင်တွေ က ပထမဆုံး အနေနဲ့ အကျဉ်းသားတွေနဲ့ တွေ့ခွင့်ပေးခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက Damascus မြို့က ဗဟို အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ထားသူတွေနဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ဝန်ထမ်းတွေကို ပေးတွေ့ခွင့် ပြုခဲ့တယ်လို့ အိုင်စီအာစီ ဥက္ကဌ Jakob Kellenberger က ဆိုပါတယ်။
ဆီးရီးယား သမ္မတ အာဆက်ဒ်နဲ့ စကားပြောပြီးတဲ့နောက် ကြေညာချက် ထုတ်ပြန်ရာမှာ ပြည်ထဲရေး ဝန်ကြီးဌာနက ဖမ်းထားတဲ့ လူတွေနဲ့ အိုင်စီအာစီကို တွေ့ခွင့် ပေးခဲ့တယ်လို့ မစ္စတာ Kellenberger က ပြောပြီး မကြာခင်မှာလည်း အကျဉ်းသားတွေ အားလုံးကို တွေ့ခွင့်ပေးမယ်လို့ ယူဆရကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ငါးလကျော်အတွင်း သမ္မတ အာဆက်ဒ်ကို ဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမား တွေကို ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

