
ဒယ်ဇိုးမြို့ကို ဝင်စီးချိန်မှာတော့ အနည်းဆုံး လူ ၃၈ ယောက် သေဆုံးသွားခဲ့ပါတယ်
ဆီးရီးယား အစိုးရတပ်တွေက နောက်ထပ် မြို့နှစ်မြို့ ကို တိုက်ခိုက်ခဲ့ရာ လူပေါင်း ၅၀ ကျော် သေဆုံးသွားပြီး အဲဒီ အထဲမှာ ၁၀ နှစ်သား ယောင်္ကျားလေး တယောက်လည်း သေဆုံးသွား တယ်လို့ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
နိုင်ငံ အရှေ့မြောက်ဘက်က ဒယ်းဇိုးမြို့ကို စစ်သားတွေ ဝင်စီးရာမှာတော့ အနည်းဆုံး လူ ၃၈ ယောက် သေဆုံးသွားခဲ့တယ်လို့ အတိုက်အခံ တွေက ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာ မတ်လက လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အဲဒီ ဒယ်ဇိုးမြို့မှာ ကြီးမားလှတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြုလုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ မြို့ နေရာ အများစုကိုတော့ အစိုးရတပ်တွေက ထိန်းချုပ်ထားပြီ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
နိုင်ငံအလယ်ပိုင်း ဟုမ်းစ်မြို့ အနီးက ဟူလာမှာတော့ စစ်သားတွေက တင့်ကားအကူအညီ တွေနဲ့ မြို့ကို အရုဏ်တက်ချိန်မှာ ဝင်တိုက်ရာ လူ ၁၂ ဦး သေဆုံးသွားတယ်လို့ တက်ကြွသူ တွေက ပြောပါတယ်။

