
ဆော်ဒီ ဘုရင် Abdullah
ဆီးရီးယားနိုင်ငံ Deir Ezzor နဲ့ Hula မြို့တွေမှာ အရပ်သားတွေကို အစိုးရ တပ်ဖွဲ့တွေက လက်နက် အင်အားသုံး နှိမ်နင်းမှုကြောင့် လူ ၇၅ယောက် သေဆုံးသွားပြီး အဲဒီ အထဲမှာ ဆယ်နှစ် သားလေး တယောက် ပါတယ်လို့ အတိုက်အခံ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ က ဆိုပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ မနက် အာရုဏ်ဦး ဝတ်တက် ချိန်Deir Ezzor မှာ စစ်သားတွေက ဝင်ရောက် စီးနင်းခဲ့တာကြောင့် အနည်းဆုံး လူငါးဆယ် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အခုတော့ တင့်ကားတွေ Deir Ezzor မြို့ကနေ ရုတ်သိမ်းသွားပေမယ့် မနက်ကျရင် ပြန်လာ နိုင်တယ် ဆိုပြီး လူတွေက ကြောက်ရွံ့နေတယ်လို့ အဲဒီမြို့က လူတယောက်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံ အလယ်ပိုင်း Homs မြို့နားက Hula ဒေသမှာတော့ အစိုးရ စစ်တပ်ရဲ့ လက်ချက်ကြောင့် လူ ၂၆ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။
ဆီးရီးယား နိုင်ငံမှာ အစိုးရက အရပ်သားတွေကို လက်နက် အားသုံး အကြမ်းဖက် နှိမ်နင်း နေတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဆော်ဒီအာရေဗျဘုရင် အဗ္ဗဒူလာက ပြောကြားလိုက် ပါတယ်။
ဆီးရီးယား အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရမယ် ၊ သူ့အဆိုအရ စက်သဖွယ် လူတွေကို တဟုန်ထိုး သတ်ဖြတ်နေတာ အချိန်မနှောင်းခင် ရပ်ရမယ်လို့ ဆော်ဒီ ဘုရင်က ဆိုကြောင်း အယ်အာရေးဗီးယား ရုပ်မြင်သံကြားကနေ ထုတ်ပြန်ခဲ့ပါတယ်။
ညှိနှိုင်း တိုင်ပင်မှုတွေ လုပ်ဆောင်ဖို့ ဆီးရီးယား နိုင်ငံ ဒမားစကတ်မြို့က ဆော်ဒီသံအမတ် ကို ပြန်ခေါ်ခဲ့တယ်လို့လည်း ဘုရင် အဘ်ဒူလာက ဆိုပါတယ်။
အစောပိုင်းတုန်းကလည်း ဆီးရီးယားမှာ အစိုးရတပ်တွေက အရပ်သားတွေကို အကြမ်းဖက် နှိမ်နင်းနေတဲ့အပေါ် အာရပ်အဖွဲ့ချုပ်ကလည်း တရားဝင်ကြေညာချက် ထုတ်ပြန် ရှုတ်ချခဲ့ ပါတယ်။
ဒါ့အပြင် ဆီးရီးယား နိုင်ငံနဲ့ နယ်စပ် ဧရိယာ အများဆုံး ထိစပ်နေတဲ့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan ကလည်း သူနိုင်ငံက ဆီးရီးယား လုပ်ရပ်တွေ အပေါ် သည်းခံစိတ် ကုန်လာပြီလို့ ဆိုပါတယ်။

