
ဆန္ဒပြသူတွေ ဆက်လက်နှိမ်နင်းခံရ
ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ် ကနေ ထုတ်ပြန် ပေးခဲ့တဲ့ ပါတီစုံ နိုင်ငံရေး စနစ် ကြေညာချက် ကို ဆီးရီးယား အတိုက် အခံ တွေ က ပယ်ချ လိုက် ပါတယ်။
ဒီ ကြေညာချက် ဟာ နိုင်ငံရေး ကစားကွက် သက်သက်လို့ ပဲ ယူဆကြပြီး ဒီ ကမ်းလှမ်းချက် ကို အတိုက်အခံတွေ ဘက်က ပယ်ချ ခဲ့တာပါ။
အစိုးရ ကို ဆန့်ကျင် ဆန္ဒပြ ပြီး ဟာမာမြို့ကနေ ဗုဒ္ဓဟူးနေ့တုန်းက ထွက်ပြေးလာတဲ့ လှုပ်ရှားတက်ကြွသူ တဦးက သိပ်နောက်ကျ သွားပါပြီ၊ လူတွေ အများကြီး ကို သတ်ဖြတ်၊ မြို့တွေကို စီးနင်း တိုက်ခိုက်၊ အဆောက်အဦ တွေ အိမ်တွေ ကို မီးရှို့ အမျိုးသမီးတွေ ကို အဓမ္မကျင့် လူအများအပြား ကို ဖမ်းဆီးထောင်ချ၊ ဒါမျိုးတွေ လုပ်ပြီးမှ ဒီလို ကမ်းလှမ်း တာဟာ သိပ် နောက်ကျ သွားပါပြီ လို့ ပြောပါတယ်။
ဒါဟာ ဆီးရီးယား အစိုးရ က ဆန္ဒပြသူ တွေကို အကြမ်းဖက် နှိမ်နင်း နေတာ တွေကနေ လူတွေ အာရုံလွဲ သွားအောင် လုပ်ဖို့ ကြိုးစား တာသာ ဖြစ်တယ်လို့ လည်း ဆန္ဒပြ သူတွေ က ပြောကြ ပါ တယ်။
မတ်လ က စခဲ့တဲ့ ဆီးရီးယား ဆန္ဒပြပွဲတွေ အတွင်းမှာ စုစုပေါင်း လူပေါင်း ၁၃၀၀ ကျော် သေဆုံး ခဲ့ပြီ လို့ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောပါတယ်။
ဆီးရီးယား အစိုးရ ဖက် ကလည်း လုံခြုံရေးနဲ့ စစ်သား စုစုပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့တယ် လို့ ပြောပါတယ်။
ဆီးရီးယား အစိုးရက ဒီဖြစ်ရပ်တွေဟာ ဆီးရီးယား နိုင်ငံ မငြိမ်မသက် ဖြစ်အောင် နိုင်ငံခြား က သွေးထိုး ကြံစည် တာလို့ လည်း ဆိုပါတယ်။
အတိုက်အခံတွေဘက်ကတော့ ဒီစွပ်စွဲချက်ကို ပယ်ချပါတယ်။
ဘာအကြံအစည်မှာ မပါဝင်တဲ့ ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲနဲ့ ဥပဒေနဲ့ အညီ တောင်းဆိုချက် တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အတိုချုပ် ပြောရရင်တော့ တဘက်မှာ သတ်ဖြတ်ဖမ်းဆီးမှုတွေ မရပ်တန့်သေးတဲ့ အတွက် သမ္မတ အာဆတ်ရဲ့ ပါတီစုံ ရွေးကောက်ပွဲ ကတိ ကို လူတွေက မယုံမကြည် ဖြစ်နေ ကြတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။

